လက်ရှိဘဏ္ဍာနှစ် ဧပြီ ၂၇ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ၈၄ ဒသမ ၄၆၄ မက်ထရစ်တန်မှ ဒေါ်လာ ၅၁ ဒသမ ၅၀၂ သန်းရရှိ

လက်ရှိဘဏ္ဍာနှစ် ဧပြီ ၂၇ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ၈၄ ဒသမ ၄၆၄ မက်ထရစ်တန်မှ ဒေါ်လာ ၅၁ ဒသမ ၅၀၂ သန်းရရှိ
Published 27 May 2018

အိန္ဒိယက ပဲတင်သွင်းခွင့်ပြုလိုက်ပြီး နောက်ပိုင်း မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သိန်းကျော် ပေါက်ဈေးရှိကာ လက်ရှိဘဏ္ဍာနှစ် ဧပြီ ၂၇ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ၈၄ ဒသမ ၄၆၄ မက်ထရစ်တန်ချိန်မှ ဒေါ်လာ ၅၁ ဒသမ ၅၀၂ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ပဲကုန် နှမ်းကုန်သည်များ အသင်း၏ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှု စာရင်းများအရ သိရသည်။

အိန္ဒိယနိုင်ငံမှ ပဲတန်ချိန်များကို တင်သွင်းခွင့် ပြုလိုက်ပြီးနောက်ပိုင်း ပဲဈေးနှုန်းများ မြင့်တက်လာပြီး ၂၀၁၈ ခုနှစ် မေ ၂၅ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၄၉၀၀၀၀၊ SQ တစ်တန်လျှင် ကျပ် ၆၁၈၀၀၀ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၄၇၅၀၀၀ ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဧပြီ ၂၇ ရက်အထိ မတ်ပဲတစ်မျိုးတည်း တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၁၃ ဒသမ ၈၅၀ တင်ပို့မှုမှ ဒေါ်လာသန်း ၆ ဒသမ ၁၅၀၊ ပဲတီစိမ်းတင်ပို့မှု အနေဖြင့် မက်ထရစ်တန်ချိန် ၃၂ ဒသမ ၉၄၉ တင်ပို့မှုမှ ဒေါ်လာသန်း ၂၄ ဒသမ ၉၅၀ နှင့် ပဲစင်းငုံတင်ပို့မှု အနေဖြင့် မက်ထရစ်တန်ချိန် ၉ ဒသမ ၄၄၆ တင်ပို့မှုမှ ဒေါ်လာသန်း ၂ ဒသမ ၉၉၈ ရရှိထားကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရသည်။

ပြည်ပသို့တင်ပို့သည့် ပဲအမျိုးအစားများဖြစ်သော မြေထောက်ပဲတင်ပို့မှု အနေဖြင့် မက်ထရစ်တန်ချိန် ၃ ဒသမ ၀၁၄ တင်ပို့မှုမှ ဒေါ်လာ သန်း ၂ ဒသမ ၃၁၆၊ ထောပတ်ပဲ တင်ပို့မှုအနေဖြင့် မက်ထရစ် တန်ချိန် ၄ ဒသမ ၅၇၀ တင်ပို့မှုမှ ဒေါ်လာသန်း ၃ ဒသမ ၀၈၇၊ ပဲယင်းတင်ပို့မှု အနေဖြင့် မက်ထရစ် တန်ချိန် ၂ ဒသမ ၂၁၂ တင်ပို့မှုမှ ဒေါ်လာသန်း ၁ ဒသမ ၀၀၇၊ ပဲကြီးတင်ပို့မှု အနေဖြင့် မက်ထရစ် တန်ချိန် ၀ ဒသမ ၇၉၄ တင်ပို့မှုမှ ဒေါ်လာသန်း ၀ ဒသမ ၅၀၈ ရရှိထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ပဲတန်ချိန်ငါးသိန်း တင်ပို့ခွင့် ပြုလိုက်ပြီးနောက်ပိုင်း မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်မှုများ ဖြစ်ပေါ်နေပြီး တစ်တန်လျှင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပဲကုန်သည်များထံမှ သိရသည်။

ထို့ပြင် အိန္ဒိယက တင်သွင်းခွင့် ပြုထားသည့် သတ်မှတ်တန်ချိန်များကို သြဂုတ်လကုန်တွင် အပြီးသတ် တင်သွင်းရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲကုန်သည် နှမ်းကုန်သည်များ အသင်းမှ သတင်းနှင့် ပြန်ကြားရေး ဒေါက်တာမြတ်စိုးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှာ ၁၂၁၄ ဒသမ ၉၉၁ မက်ထရစ် တန်ချိန်မှ ဒေါ်လာ ၁၂၄၂ ဒသမ ၆၈၃ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ မက်ထရစ် တန်ချိန် ၁၄၂၄ ဒသမ ၃၁၆ တင်ပို့မှုမှ ဒေါ်လာ ၁၃၉၈ ဒသမ ၈၃၄ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ မက်ထရစ်တန်ချိန် ၁၃၁၃ ဒသမ ၀၄၉ တင်ပို့မှုမှ ဒေါ်လာ ၈၈၃ ဒသမ ၇၅၃ သန်း ရရှိထားကြောင်း သိရသည်။

 

Most Read

Most Recent