လစဉ်အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေသော်လည်း တစ်နေ့လေးကြိမ်အထိ တိုးမြှင့်အပြီး စတော့အိတ်ချိန်း ပျမ်းမျှအရောင်းအဝယ်ဖြစ်မှု ယခင်ထက် ၄၂ ရာခိုင်နှုန်းကျော် တိုးတက်ဟုဆို

လစဉ်အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေသော်လည်း တစ်နေ့လေးကြိမ်အထိ တိုးမြှင့်အပြီး စတော့အိတ်ချိန်း ပျမ်းမျှအရောင်းအဝယ်ဖြစ်မှု ယခင်ထက် ၄၂ ရာခိုင်နှုန်းကျော် တိုးတက်ဟုဆို
Published 16 May 2018

ရန်ကုန်စတော့အိတ်ချိန်း၌ မေ ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

ရန်ကုန်စတော့အိတ်ချိန်း၏ လအလိုက် အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေသော်လည်း တစ်နေ့လေးကြိမ်အထိ တိုးမြှင့်ပြီးနောက် ပျမ်းမျှအရောင်းအဝယ်ဖြစ်မှု တစ်ရက် ကျပ် ၅၇ သန်းခန့်ရှိပြီး ယခင်ထက် ၄၂ ရာခိုင်နှုန်း ကျော် တိုးတက်လာကြောင်း မေ ၁၅ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းမန်နေဂျာ ဦးမင်းသူက ပြောကြားသည်။

“တစ်နေ့ နှစ်ကြိမ်တုန်းက ပျမ်းမျှအရောင်းအဝယ်ဖြစ်မှု ၃၉ သန်းကျော်ကနေ မတ် ၃၀ ရက်ကစပြီး တစ်နေ့လေးကြိမ်အထိ တိုးမြှင့်အပြီးမှာ တစ်ရက်ကို ၅၇ သန်းကျော်အထိ တိုးတက်လာပါတယ်။ ရာခိုင်နှုန်းအား ဖြင့်ဆိုရင် ၄၂ ရာခိုင်နှုန်းကျော် ရှိပါတယ်” ဟု ဦးမင်းသူက ပြောကြားသည်။

ထို့ပြင် ရှယ်ယာအစောင်တွင်လည်း တိုးတက်ခဲ့ပြီး ယခင်က တစ်ရက်ပျမ်းမျှ ၆၇၆၁ စောင်မှ ၉၂၅၁ စောင်အထိ တိုးတက်ခဲ့ပြီး ယခင်ထက် ၃၇ ဒသမ ၆ ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့သည်ဟု ဦးမင်းသူက ဆက်လက် ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်း စတင်ရောင်း ချသည့် ၂၀၁၆ ခုနှစ်တွင် ကျပ် ၇၀ ဒသမ ၇ ဘီလျံအထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျပ် ၂၂ ဒသမ ၁၃ ဘီလျံအထိ သုံးဆကျော် ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်တွင် ပိုမိုကျဆင်းခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်တွင်လည်း အရောင်းအဝယ် ကျဆင်းမှု ဖြစ်ပေါ်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်၊ ဖေဖော်ဝါရီတွင် စတော့အိတ်ချိန်းသမိုင်းတစ်လျှောက် အရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် ကျပ်သိန်း ၇၄၀၀ ကျော်၊ မတ်လတွင် ကျပ် ၇၇၈၃ သိန်းကျော်နှင့် ဧပြီတွင် ကျပ် ၈၇၅၃ သိန်းကျော်အထိ ကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ် ပထမလေးလပတ်ထက် အရောင်းအဝယ်ဖြစ်မှု သုံးဆခန့် ကျဆင်းခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း အနေဖြင့် လက်ရှိတွင် စာရင်းဝင် ကုမ္ပဏီများ များပြားလာစေရေးအတွက် Listing Promotion Seminar ကို ဇွန် ၅ ရက်တွင် ကျင်းပရန်ပြင်ဆင်ခြင်း၊ စာရင်းဝင်လိုသော ကုမ္ပဏီများကို လွယ်ကူစွာ ရှင်းလင်းလုပ်ဆောင် ကူညီနိုင်ရန် Listing Consulting Division နှင့် JICA ၏ အကူအညီဖြင့် Special Task Force ဖွဲ့စည်းခြင်း စသည့်ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent