၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းများမှ ကုန်သေတ္တာအလုံးရေ တစ်သန်းကျော် ကိုင်တွယ်နိုင်ခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းများမှ ကုန်သေတ္တာအလုံးရေ တစ်သန်းကျော် ကိုင်တွယ်နိုင်ခဲ့
Published 15 May 2018

ရန်ကုန်ဆိပ်ကမ်း ဧရိယာတွင် တစ်ခုအပါအဝင်ဖြစ်သည့် သီလဝါဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းများမှ ကုန်သေတ္တာအလုံးရေ တစ်သန်းကျော် ကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ထုတ်ပြန်သော သတင်းအချက်လက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်း ဧရိယာအတွင်း ကုန် သတ္တာတင်သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတံတား ငါးခုဖြစ်သည့် အေးရှားဝေါလ်/ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတားနှင့် သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများသည် လက်ရှိတွင် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်၍ ကုန်စည်ကိုင်တွယ်မှုများ ဆောင်ရွက်နေပြီး ကုန်းတွင်းပိုင်း ဆိပ်ကမ်းများအနက် အေးရှားဝေါလ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့သည် အဓိက ကုန်သေတ္တာ ဆိပ်ကမ်းများအဖြစ် ရပ်တည်လျက်ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းတစ်ခုလုံး၏ ကုန်သေတ္တာကိုင်တွယ်မှုမှာ TEU ၁ ဒသမ ၄၃ သန်းခန့်ရှိပြီး ရန်ကုန်အတွင်း ဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါလ်/ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတား ငါးစင်းမှ TEU ၈၈၅,၇၁၄ ကိုင်တွယ်နိုင်ခဲ့ပြီး ရန်ကုန်ကုန်းတွင်း ဆိပ်ကမ်းများသည် စုစုပေါင်း ကုန်သေတ္တာ၏ ၈၅ ရာခိုင်နှုန်းခန့်  ကိုင်တွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ သီလဝါဆိပ်ကမ်းမှ TEU ၁၅၇,၇၅၅ သန်းခန့် ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာရှိ ကုန်းတွင်းဆိပ်ကမ်း တစ်ခုဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ ခြောက်လုံးအထိ ဆင့်ထပ်နိုင်သော RTG ကရိန်း ကိုးစင်းအပါအဝင် ဆိပ်ကမ်းသုံးယန္တရား ပစ္စည်းသစ် ၁၄ မျိုးအား ဧပြီ ၂၉ ရက်က စတင်တပ်ဆင် အသုံးနေပြီဖြစ်သည်။

အေးရှားဝေါလ်ဆိပ်ကမ်း၌ ယနေ့စတင် အသုံးပြုသည့် ဆိပ်ကမ်းသုံး ယန္တရားပစ္စည်းသစ်များ စတင်အသုံးပြုခြင်းကြောင့် ဆိပ်ကမ်းတံတားနှင့် ကုန်သေတ္တာလွင်ပြင်၏ ကုန်ကိုင်တွယ်နိုင်မှုပိုင်းတွင် ရာခိုင်နှုန်း ၃၀ ခန့် ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

အေးရှားဝေါလ်/ထီးတန်း ဆိပ်ခံတံတား အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သွင်းကုန်၊ ပို့ကုန် ကုန်သေတ္တာ TEU ၄၀၅၃၉၀ နှင့် သွင်းကုန်၊ ပို့ကုန်တန်ချိန်ပေါင်း ၅၄၁၆၇၁၈ ကိုင်တွယ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်း တစ်ခုလုံး၏ ၃၈ ဒသမ ၈ ရာခိုင်နှုန်း ကိုင်တွယ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent