မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြအဖြစ် အကွက်ချ တည်ဆောက်ခြင်း အပါအဝင် လမ်း၊ တံတား၊ မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုးလာစေရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချနိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြအဖြစ် အကွက်ချ တည်ဆောက်ခြင်း အပါအဝင် လမ်း၊ တံတား၊ မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုးလာစေရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ချနိုင်ရန် ဆောင်ရွက်နေ
Published 2 May 2018

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရပ်ကွက်တစ်ခုကို တွေ့ရစဉ်

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသော မြို့ပြအဖြစ် အကွက်ချ တည်ဆောက်ခြင်း အပါအဝင် လမ်း၊ တံတား၊ မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုးလာစေရန်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်လျှော့ချနိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများမှာ ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရန် အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လမ်း၊ တံတားနှင့် မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံ၏ ဂျီဒီပီ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေးစရိတ်ကို အနည်းဆုံး လျှော့ချနိုင်ရန် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်းနှင့် အတားအဆီးများ ဖယ်ရှားရန်၊ နိုင်ငံသားများအားလုံး လူနေမှုဘ၀ မြင့်တက်စေမည့် သင့်လျော်ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်တို့ ဖြစ်ကြောင်း သိရသည်။

ရည်မှန်းချက်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိကီလိုမီတာ ၄၂၀၀၀ ကျော်ရှိလမ်းများကို ASEAN Class III (၁၈ ပေအကျယ် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း) အဆင့် အနည်းဆုံးရောက်ရှိရေး၊ ၂၀၃၀ ပြည့်နှစ်တွင် တံတားများအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ်တံတား၊ PC ကြိုတင်အားဖြည့် ကွန်ကရစ်တံတား၊ သံပေါင်တံတားအဆင့် အနည်းဆုံး ရောက်ရှိရေး၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ (Urban Planning) အဖြစ် အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေးနှင့် အဆိုပါမြို့များ အားလုံးတွင် အစိုးရပိုင်၊ ပုဂ္ဂလိက ပိုင်ဆိုင်ရာများမှ တည်ဆောက်မည့် အိမ်ခန်းပေါင်း တစ်သန်းတည်ဆောက်ပြီးစီးရေး၊ ၂၀၃၀ ပြည့်နှစ် မြန်မာနိုင်ငံရှိ ကျေးရွာများ အားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ရာခိုင်နှုန်း ၉၀ အပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင်  မြန်မာနိုင်ငံ အတွင်းရှိ ကျေးလက်လမ်းမိုင် စုစုပေါင်း ၅၅၅၀၀ ကျော်တွင် Class A အဆင့်ရှိ လမ်းမိုင် ၂၅၆၀၀ ကျော်ကို ၁၂ ပေ အကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း၊ Class B အဆင့်ရှိ လမ်းမိုင် ၁၇၃၀၀ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်လမ်း၊ Class C အဆင့်ရှိ လမ်းပိုင် ၁၂၅၀၀ ကျော်ကို ၁၂ ပေအကျယ် ကျောက်လမ်း သို့မဟုတ် အမာခံလမ်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါမဟာဗျူဟာ၊ နည်းဗျူဟာအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းများအနက် ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းအချို့ကို Public Private Partnership (PPP) Program စနစ်ဖြစ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ကူညီထောက်ပံ့ငွေ၊ ချေးငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent