၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အစ ဧပြီလတွင် မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှုမြင့်တက်လာ

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အစ ဧပြီလတွင် မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှုမြင့်တက်လာ
Published 1 May 2018

မြဝတီနယ်ကုန်သွယ်ရေး စခန်းသို့ ဝင်ရောက်လျက်ရှိသည့် ကုန်ကားအချို့ကို တွေ့ရစဉ်

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အစ ဧပြီလတွင် မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှု မြင့်တက်လာပြီး ဧပြီ ၁ ရက်မှ ၂၀ ရက်အထိ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆၀၈ သန်း ကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ် ကာလတူကထက် ၉ ဒသမ ၃၂၈ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

နှစ်သစ်ကူး အတာသြင်္ကန်လွန်ပြီးနောက် ထိုင်းကုန်ပစ္စည်းများ အလုံးအရင်းဖြင့် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာခဲ့ရာ ဧပြီ ၁ ရက်မှ ၂၀ ရက်အထိ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၄၂ သန်း ဖိုးတင်သွင်းခဲ့ပြီး ပြည်တွင်းထွက်ကုန်စည် များကို ၃ ဒသမ ၀၆၆ သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကျွဲ၊ နွား အပါအဝင် ကုန်ပစ္စည်း အများစုမှာ တရားဝင်တင်ပို့ရန် ခက်ခဲနေပြီး သောင်ရင်းမြစ် ဖြတ်ကျော် ဂိတ်များမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက် ပစ္စည်းများ၊ နှမ်း၊ နနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲနှင့် ကြံများတရားဝင် တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့် အနေဖြင့် ပြောင်းဖူးကို အဖူးထွက်ချိန်တွင် တင်ပို့ခွင့်မရှိဘဲ နှစ်လကြာချိန်မှ တင်ပို့ရသည့်အတွက် မြန်မာတောင်သူများ များစွာနစ်နာသလို မြန်မာ့ဆန်ကိုလည်း ဆန်အဖြစ် တင်ပို့ရောင်းချခွင့် မရှိ၍ ဆန်ကွဲသာ တင်ပို့ကြသည်ဟု ဆိုသည်။

အရှေ့အနောက် စီးပွားရေး စြင်္ကံမှာ တည်ရှိသည့် မြဝတီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ် ပစ္စည်းများနှင့် သစ်သီးပျိုးပင်များလည်း တင်သွင်းခဲ့ပြီး စက်သုံးဆီ၊ ဓာတ်ငွေရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် မော်တော်ယာဉ် တင်သွင်းမှု မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

သို့သော်လည်း တင်သွင်းခွင့်မရှိသော ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက် အသည်း၊ နှလုံးပါကင်ထုပ်များ၊ ဂျပန်တစ်ပတ်ရစ် Without Car များကို ဇုန်ရှောင်ကွင်းကာ နားလည်မှု လမ်းကြောင်းမှ တရားမဝင် တင်သွင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီနယ် ကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်အလိုက် ကုန်သယ်မှုမှာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၈၀၂ သန်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၂၇၁ ဒသမ ၅၀၁ သန်း၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅၆ ဒသမ ၉၀၂  သန်း၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂၆ ဒသမ ၁၁၂ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂၈ ဒသမ ၆၀၁ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁၇ ဒသမ ၇၇၃ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent