<

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား သင့်လျော်သည့်ဈေးနှုန်းဖြင့် မြေနေရာ မပေးနိုင်သည့်အတွက် လယ်မြေများကို မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ကာ မြေများကို ရင်နှီးမြှုပ်နှံသူများအား သင့်လျော်သည့် ဈေးနှုန်းဖြင့် ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား

ဧပြီ ၂၀ ရက်က ကျင်းပသည့် Yangon Investment Forum 2018 ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

လက်ရှိအချိန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား သင့်လျော်သည့်ဈေးနှုန်းဖြင့် မြေနေရာ မပေးနိုင်သည့်အတွက် လယ်မြေများကို မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ကာ နိုင်ငံတော်ပိုင် ဖြစ်လာမည့် မြေများကို ရင်းနှီးမြှုပ်နှံသူများအား သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၀ ရက်က ကျင်းပသည့် Yangon Investment Forum 2018 ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးရင်းမြှုပ်နှံတဲ့အခါမှာ ဘယ်လိုအခက်အခဲ တွေရှိတယ်။ ဘယ်လိုဆောင်ရွက်ချင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ဆီ တင်ပြပါတယ်။ ဒီတင်ပြ ဆွေးနွေးမှုတွေကို အခြေခံပြီး ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ မြေနဲ့ပတ်သက်တဲ့ အခက်အခဲတွေ ရှိနေတယ်ဆိုတဲ့ အခြေအနေ တစ်ခုကို ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဘယ်စက်မှုဇုန်မှာတော့ ခင်ဗျားတို့ လာပြီးရင်းနှီးမြှုပ်နှံရင် အစိုးရက ထိုက်သင့်တဲ့ မြေဈေးနှုန်းနဲ့ပေးမယ်လို့ ပေးစရာမြေ လတ်တလော ကျွန်တော်တို့မှာ မရှိပါဘူး။ ဒါပေမဲ့ မြို့သစ်စီမံကိန်းတွေ ပေါ်ပေါက်လာပြီ ဆိုရင်တော့ ဒီစီမံကိန်းတွေက များစွာသော အထောက်အကူဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ စက်ရုံတွေ လာရောက်ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေလည်း များစွာရလာမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လယ်မြေများကို မြို့သစ်စီမံကိန်းများ တည်ဆောက်မည်ဆိုပါက အဆိုပါလယ်မြေများ တန်ဖိုးမြင့်တက် လာမည်ဖြစ်ပြီး တန်ဖိုးမြင့်တက်လာခြင်းကြောင့် အပိုထွက်လာမည့် မြေများသည် နိုင်ငံတော်ပိုင်အဖြစ် ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံတော်ပိုင်ဖြစ်လာသည့် မြေများကို နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် နိုင်ငံခြင်း ရင်းနှီးမြှုပ်နှံမှုများအား သင့်တင့်သော ဈေးနှုန်းထားဖြင့် ပြန်လည်ချထား ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဥပမာ ဧကနှစ်သောင်းလောက်ရှိတဲ့ မြေနေရာကို မြို့သစ်စီမံကိန်းကြီး တည်ဆောက်မယ်ဆိုရင် မြေလျော်ကြေး ပြန်ပေးရင် လယ်မြေကနေ မြို့မြေဖြစ်သွားရင် တန်ဖိုးတက်လာတာ ဖြစ်တဲ့အတွက် ဒီမြေအပေါ်ကနေပြီးတော့ ၂၀ ရာခိုင်နှုန်းပေး မယ်ဆိုရင် ဒီ၂၀ ရာခိုင်နှုန်းကို ဧကတစ်သောင်းဆို ဧကနှစ်ထောင်ပေးရုံပဲ ရှိပါတယ်။ ဧကနှစ်သောင်းဆို ဧကလေးထောင်ပဲ ပေးရမှာပါ။ ဧကတစ်သောင်းခြောက်ထောင်ဟာ နိုင်ငံတော်ပိုင်ဖြစ်မှာ ဖြစ်ပါတယ်။ ဒီနိုင်ငံတော်ပိုင်ဖြစ်မယ့် မြေတွေကို ပုဂ္ဂလိကကို ခွဲဝေပေးလိုက်မယ့် ပုံစံမျိုး ဆောင်ရွက်ဖို့ အစီအစဉ် မရှိပါဘူး။ နိုင်ငံတော်ကရရှိမယ့် မြေတွေကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခြေအနေတွေမှာ တန်ဖိုးသင့်တင့်တဲ့ နှုန်းထားနဲ့ ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှာပါ။ ဒါကြောင့်မို့ မြို့သစ်စီမံကိန်းတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် များစွာအခွင့်အလမ်းကောင်းတွေ ရလာမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

April 20, 2018














Copy Protected by Chetan's WP-Copyprotect.