လက်ရှိဘဏ္ဍာနှစ် မကုန်ဆုံးမီ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်ပြည့်မီရန် လိုအပ်

လက်ရှိဘဏ္ဍာနှစ် မကုန်ဆုံးမီ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်ပြည့်မီရန် လိုအပ်
Published 28 March 2018

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လက်ရှိဘဏ္ဍာနှစ် မကုန်ဆုံးမီ ပြည်ပကုန်သွယ်မှုပမာဏ လျာထားချက် ဒေါ်လာ ၂၉ ဘီလျံကို ကျော်လွန်ပြီး ဒေါ်လာ ၃၁ ဘီလျံ ကျော် ရရှိခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်ပြည့်မီရန် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၁၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၁၆၆၇ ဒသမ ၉၆၄ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၄၁၂၇ ဒသမ ၁၄၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် မတ် ၁၆ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃၇၂၅ ဒသမ ၁၆၃ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၇၉၄၂ ဒသမ ၈၀၁ သန်းပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၆၁၁ ဒသမ ၆၁၂ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၅၁၅ ဒသမ ၅၃၁ သန်း ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၃၈၄၈ ဒသမ ၈၈၁သန်း၊ သွင်းကုန် တန်ဖိုး ဒေါ်လာ ၁၇၈၁၉ ဒသမ ၀၈၃ သန်း ပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုး မှာ ပို့ကုန်တန်ဖိုးထက်များပြားနေသဖြင့် ကုန် သွယ်မှုလိုငွေ ဒေါ်လာ ၃၉၇၀ ဒသမ ၂၀၂ သန်းဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင် ဘဏ္ဍာနှစ် ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေ မှာ ဒေါ်လာ ၄၈၂၄ ဒသမ ၃၈၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး ဒေါ်လာ သန်း ၁၄၀၀၀ နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၅၀၀၀ ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ သန်း ၂၉၀၀၀ ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအခြေအနေအရ ကုန်သွယ်မှု ပမာဏ လျာထားချက်မှာ ကျော်လွန်ခဲ့သော်လည်း ပို့ကုန်တင်ပို့မှု လျာထားချက်မှာ ပြည့်မီရန် လိုအပ်နေကြောင်း သိရသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှု စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်း ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent