မြဝတီကုန်သွယ်ရေးဇုန်၌ သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်နိုင်မည့် MACCS စနစ် စမ်းသပ်အသုံးပြုမှုကို မတ်မှမေလကုန်အထိ ဆောင်ရွက်မည်

မြဝတီကုန်သွယ်ရေးဇုန်၌ သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်နိုင်မည့် MACCS စနစ် စမ်းသပ်အသုံးပြုမှုကို မတ်မှမေလကုန်အထိ ဆောင်ရွက်မည်
Published 10 March 2018

မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်၌ သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ အွန်လိုင်းစနစ်ဖြင့် ၂၄ နာရီလုပ်ကိုင်နိုင်မည့် MACCS System အသုံးပြုနိုင်ရေးအတွက် စမ်းသပ်အသုံးပြုမှု (Running Test) ကို ၂၀၁၈ ခုနှစ် မတ်မှ မေလကုန်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်း၌ MACCS ကို ဆောင်ရွက်မှုသည် စနစ်ကျ ဆောင်ရွက်နိုင်မည် ဆိုပါက အခြားနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သော မူဆယ်နှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း များကိုလည်း ဦးစားပေးကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

“လောလောဆယ်တော့ ဆက်လုပ်ဖို့ အစီအစဉ်တွေတော့ရှိတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ ဘယ်အချိန်မှာ ဘယ်နေရာကို ဆက်မယ်ဆိုတာတော့ ချက်ချင်းအတိအကျ ဆုံးဖြတ်ထားတာတော့ မရှိသေးဘူး။ ဆက်သွားတာတော့ ဆက်သွားမယ်။ ဥပမာအားဖြင့် ပြောရရင်တော့ မူဆယ်တို့ တာချီလိတ် တို့ပေါ့လေ။ ဒီလိုဟာမျိုးတွေ ဦးစားပေးပြီးတော့ ဆက်သွားဖို့ရှိတယ်။ သူကကျတော့ တစ်နေရာမှာ Stable ဖြစ်ပြီးမှ နောက်တစ်နေရာကို ခုန်ကူးလို့ အဆင်ကပြေမှာလေ။ ရန်ကုန်မှာတုန်းကလည်း ဒီအတိုင်းပဲလေ။ ရန်ကုန်ပြီးရင် ဘယ်ကိုဆက်သွားမယ် ဆိုတာကို ဆုံးဖြတ်ထားတာ မရှိသေးဘူး။ စဉ်းပဲစဉ်ထားတယ်။ တရားဝင် မဆုံးဖြတ်ထားဘူး။ ရန်ကုန်မှာလည်းဖြစ်ရော ချက်ချင်း မြဝတီကို တို့တွေဆက်လုပ်လိုက်တယ်။ အခုလည်းပဲ အဲဒီလိုပါပဲ။ အတိအကျပြောဖို့က နည်းနည်းစောသေးတယ်။ လုပ်ဖြစ်ရင်တော့ မူဆယ်နဲ့ တာချီလိတ်ပေါ့။ အဲဒီနှစ်ခုကတော့ ဦးစားပေးပေါ့။ အဲဒီနှစ်ခုကတော့ တစ်ခုခုတော့ ဖြစ်မှာပေါ့” ဟု အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားသည်။

အကောက်ခွန် ဦးစီးဌာနတွင် သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ သွက်လက်မှန်ကန် မြန်ဆန်စေရန်နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အပြင် National Single Window အထောက်အ ကူပြု Myanmar Automated Cargo Clearance System (MACCS) စနစ်နှင့် Myanmar Cystoms Intelligence System (MCIS) စနစ်တို့ကို ၂၀၁၃ ခုနှစ် ဇူလိုင်မှစ၍ ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေး အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

MACCS စနစ် အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဂျပန်ယန်း သန်းပေါင်း ၃၉၉၀ အပြင် မြန်မာနိုင်ငံ အစိုးရဘက်မှလည်း ကျပ်သန်းပေါင်း ၅၈၀၀ ကျော် အသုံးပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MACCS စနစ်၏ စပ်းသပ်မှုကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်မှ အောက်တိုဘာအထိ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စနစ်အား အပြည့်အ၀ အသုံးပြုခြင်းဖြစ် ပထမအဆင့် အနေဖြင့် ရန်ကုန်မြို့တွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ဆိပ်ကမ်းများနှင့် လေဆိပ်သိုလှောင်ရုံများတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှစတင်ကာ ဆောင်ရွက်ခဲ့သည်။

MACCS စနစ်သည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာစံ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲထားသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် MACCS စနစ် စတင်အသုံးပြုပြီး နောက်ပိုင်းမှစ၍ ကုန်သွယ်မှု လုပ်ငန်းစဉ်များ မြန်ဆန်လာပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုနိုင်သည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent