မြန်မာနိုင်ငံ၏ ဆိပ်ကမ်းကုန်ကျစရိတ်သည် ထိုင်း၊ ဗီယက်နမ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်များသဖြင့် နိုင်ငံတကာမှ ဆန်ကုန်သည်များ အဆိုပါနိုင်ငံများမှ ဆန်ဝယ်၍ မရမှသာ မြန်မာ့ဆန်ကို ဝယ်ယူခြင်းအပြင် ဆန်တစ်တန် ဒေါ်လာ ၃၀ ခန့် ဈေးလျော့ရရှိမှသာ ဝယ်ယူဟုဆို

မြန်မာနိုင်ငံ၏ ဆိပ်ကမ်းကုန်ကျစရိတ်သည် ထိုင်း၊ ဗီယက်နမ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်များသဖြင့် နိုင်ငံတကာမှ ဆန်ကုန်သည်များ အဆိုပါနိုင်ငံများမှ ဆန်ဝယ်၍ မရမှသာ မြန်မာ့ဆန်ကို ဝယ်ယူခြင်းအပြင် ဆန်တစ်တန် ဒေါ်လာ ၃၀ ခန့် ဈေးလျော့ရရှိမှသာ ဝယ်ယူဟုဆို
Published 10 March 2018

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံ၏ ဆိပ်ကမ်းကုန်ကျစရိတ်မှာ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် မြင့်မားနေသောကြောင့် နိုင်ငံတကာမှ ဆန်ပမာဏများများ ဝယ်ယူသူများသည် ယင်းနိုင်ငံများမှ ဆန်ဝယ်ယူ၍ မရမှသာလျှင် မြန်မာနိုင်ငံမှဆန်ကို ဝယ်ယူခြင်းအပြင် ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀ ခန့်အထိ ဈေးနှုန်းလျော့၍ ရရှိမှသာ ဝယ်ယူနေခြင်း ဖြစ်ကြောင်း မတ် ၆ ရက်က ပြုလုပ်သည့်  မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ ၂၀၁၈ အခမ်းအနားမှ သိရသည်။

တန်ချိန်နှစ်သောင်းဝင် သင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားရသည့် ကုန်ကျစရိတ်မှာ ပြည်ပသို့ ဆန်အဓိက တင်ပို့နေသည့် နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် ဒေါ်လာ ၆၅၀၀၊ ဗီယက်နမ်နိုင်ငံတွင် ဒေါ်လာ ၆၀၀၀၊ အိန္ဒိယနိုင်ငံတွင် ဒေါ်လာ ၇၅၀၀ နှင့် ပါကစ္စတန်နိုင်ငံတွင် ဒေါ်လာ ၁၁၀၀၀ အသီးသီး ကုန်ကျကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တင်ပြသည့် စာတမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာဆိပ်ကမ်းဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ တန်ချိန်နှစ်သောင်းဝင် သင်္ဘောများ ဆိုက်ကပ်ရပ်နားရသည့် ကုန်ကျစရိတ်သည် ဒေါ်လာ ၁၄၅၀၀ အထိ ကုန်ကျသည့်အတွက် ယင်းပမာဏသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများထက် ထက်ဝက်ကျော် ပိုများနေသည့် ကုန်ကျစရိတ် ဖြစ်နေကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံတကာမှ ဆန်ပမာဏများများ ဝယ်ယူသူများသည် အခြားနိုင်ငံများဝယ်၍ မရမှသာလျှင် မြန်မာနိုင်ငံမှ ဝယ်ယူရန် နောက်ဆုံးမှ စဉ်းစားကြောင်း၊ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဝယ်ယူရန် အဆင်မပြေမှသာ မြန်မာနိုင်ငံမှ ဝယ်ယူရန် စဉ်းစားခြင်း (သို့မဟုတ်) ဈေးလျှော့ဝယ်ယူခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့ဆန်သည် အမျိုးအစားတူ၊ အရည်အသွေးတူ ဖြစ်သော်လည်း အဆိုပါ နိုင်ငံများ၏ Quoted Price ထက် အမြဲဆိုသလို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ မှ ၃၀ ခန့် လျော့နည်းလေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်တွင်း ဆိပ်ကမ်းနှင့် သီလဝါ ဆိပ်ကမ်းနေရာ နှစ်ခုခွဲထားပြီး ယင်းနေရာ နှစ်ခုပေါင်း ဧရိယာကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းနေရာ နှစ်ခုပေါင်း ရန်ကုန်ဆိပ်ကမ်း၌ စုစုပေါင်း သင်္ဘောအစင်း အရေအတွက် ၃၆ စင်းတစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်ပြီး ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ဆန်စပါး ကဏ္ဍအတွက် ၂၀၁၈- ၂၀၁၉ မှ ၂၀၂၀-၂၀၂၁ (သုံးနှစ်) ကာလတိုအတွင်း ဦးစားပေး ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအနက် ကာလတိုစီမံချက်၏ ရည်မှန်းချက်များအရ လာမည့် ၂၀၂၀-၂၀၂၁ တွင် ဆန်တန်ချိန် လေးသန်း တင်ပို့ရေးနှင့် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ဝင်ငွေရရှိစေရန် ရည်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

 

Most Read

Most Recent