ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန်ဝယ်လိုအား ကောင်းနေသဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ နေ့စဉ်နီးပါး တင်ပို့နေရပြီး ဇူလိုင်လ တစ်လတည်း ဆန်တန်ချိန် ၁၉၀၀ နီးပါး တင်ပို့နိုင်ခဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန်ဝယ်လိုအား ကောင်းနေသဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ နေ့စဉ်နီးပါး တင်ပို့နေရပြီး ဇူလိုင်လ တစ်လတည်း ဆန်တန်ချိန် ၁၉၀၀ နီးပါး တင်ပို့နိုင်ခဲ့
Published 13 August 2017

မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နေစဉ် (ဓာတ်ပုံ-သားရွှေဦး)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန်ဝယ်လိုအား ကောင်းနေသဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ နေ့စဉ်နီးပါး တင်ပို့နေရပြီး ဇူလိုင်လ တစ်လတည်းတွင် ဆန်တန်ချိန် ၁၉၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ရရှိသည့် စာရင်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သည့် ဆန်များသည် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဆန်များဖြစ်ပြီး ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း အမျိုးအစား တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လဆန်းပိုင်းမှစ၍ ဆန်ဝယ်လိုအား ကောင်းလာသဖြင့် ရခိုင်ပြည်နယ် အရပ်ရပ်မှ ရောက်ရှိလာသည့် ဆန်များကို ဘူးသီးတောင် ဆိပ်ကမ်းမှတစ်ဆင့် မောင်တောနယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းသို့ တစ်နေ့လျှင် ဆန်တင်ကား အနည်းဆုံး ၁၀ စီးခန့် ဝင်ရောက်နေကြောင်း သိရသည်။

ဇူလိုင်လအတွင်း ဆန်တန်ချိန် ၁၉၀၀ နီးပါးတင်ပို့ခဲ့ရပြီး ဒေါ်လာ ခြောက်သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး စာရင်းများအရ သိရသည်။

သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်များသယ်ယူ ပို့ဆောင်ပေးသည့် ရေယာဉ်အခက်အခဲနှင့် တစ်ဖက်နိုင်ငံ ဆိပ်ကမ်းတွင် အလုပ်သမား အခက်အခဲကြောင့် ကုန်သွယ်မှု နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းက “လက်ရှိအခြေအနေမှာ ကုန်သွယ်မှု ကောင်းနေတယ်။ အခက်အခဲက တစ်ဖက်နိုင်ငံကိုပို့မယ့် လှေနည်းပါးတာရယ်။ နောက်ဒီကပို့လိုက်တဲ့ ကုန်တွေကို တစ်ဖက်နိုင်ငံ ဆိပ်ကမ်းမှာ ချက်ချင်းမတင်တဲ့ အခက်အခဲတော့ ရှိပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ရခိုင်ဒေသထွက် ဆန်များကို စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေး နှစ်ခုစလုံးမှ တင်ပို့နေရခြင်းဖြစ်ပြီး ရာသီဥတု အခြေအနေကြည့်၍ သင်္ဘောများ ထွက်ခွာနေရကြောင်း သိရသည်။

“ဆန်ဈေးကွက်က နည်းနည်းပြန်ကောင်းလာတယ်။ ကောင်းလာတယ် ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ်ကဝယ်ဖို့ ကမ်းလှမ်းလာတဲ့အတွက် တောင်သူတွေရော၊ ဆန်စက်တွေရော အကုန်လုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ ဆန်ထွက်တဲ့ ဒေသဘက်က ဝယ်ယူရပါတယ်။ ကျွန်တော်တို့ အဓိက လမ်းကြောင်း နှစ်ကြောင်းနဲ့ တင်ပို့တယ်။ စစ်တွေ FOB နဲ့တစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်ကနေ ဘင်္ဂလားဒေ့ရှ် တက္ကနာ့ဆိပ်ကမ်းကို သွားတယ်။ နောက်တစ်လမ်းက ဆန်အိတ် ၄၀၀၊ ၅၀၀၊ ၆၀၀၊ ၇၀၀၊ ၈၀၀ ဆံ့တဲ့ စက်လှေတွေနဲ့ ဘူးသီးတောင် ဆိပ်ကမ်းကို သယ်လာတယ်။ ဘူးသီးတောင်ကနေ မောင်တောကို သယ်လာပြီး မောင်တောကနေတစ်ဆင့် FOB နယ်စပ်ကုန်သွယ်ရေး နည်းလမ်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားတယ်။ အခက်အခဲကတော့ မိုးရာသီဖြစ်တဲ့အတွက် စစ်တွေကဆိုရင် MV သင်္ဘောတွေ သုံးပေမယ့် ရာသီဥတုကိုကြည့်ပြီး သွားနေရတယ်။ ဟိုဘက်နိုင်ငံမှာလည်း အလုပ်သမား အခက်အခဲကြောင့် သင်္ဘောတွေက ကုန်ချတာမှာ တစ်ပတ်၊ ၁၀ ရက် ကြာတာတွေ ရှိပါတယ်” ဟု နယ်စပ်ဆန်ကုန်သည် ဦးခင်မောင်က ပြောကြားသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့နေသည့်အတွက် ရခိုင်ပြည်နယ်တွင် ဆန်ဈေးအနည်းငယ် မြင့်တက်လျက်ရှိပြီး ဆန် ၅၀ ကီလို ဝင်တစ်အိတ်ကို ယခင်က ကျပ် ၁၆၅၀၀၊ ၁၇၀၀၀ ဈေးရှိသော်လည်း လက်ရှိတွင် ၁၈၀၀၀ ခန့် ဈေးပေါက်နေကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ်သို့ ဆန်ဆက်လက် တင်ပို့လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent