သီရိလင်္ကာနိုင်ငံမှ ယခုနှစ်အတွင်း မြန်မာ့ဆန်တန်ချိန် ငါးသိန်း ၀ယ်ယူရန် ကမ်းလှမ်းထားကြောင်းနှင့် နှစ်နိုင်ငံ MoU ရေးထိုးပြီး ဆန်တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိ

ပခုက္ကူဆိပ်ကမ်းတွင် ဆန်အတင်အချ ပြုလုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

သီရိလင်္ကာနိုင်ငံမှ ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်း ၀ယ်ယူရန် ကမ်းလှမ်းထားကြောင်းနှင့် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပြီး ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ယခုနှစ်အတွက် သီရိလင်္ကာနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်း ၀ယ်ယူရန် ကမ်းလှမ်းမှုတွင် ပေါင်းဆန်တန်ချိန် နှစ်သိန်းနှင့် ဆန်ဖြူ သုံးသိန်း ၀ယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံမှ ဆန်အား ဖိလစ်ပိုင် အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (NFA) က ၀ယ်ယူတင်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ တင်ဒါဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် တင်ဒါဖိတ်ခေါ်ထားရာ ဧည့်မထဆန်တန်ချိန် ၅၀၀၀၀ ခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

“ဖိလစ်ပိုင်ဘက်က တင်ဒါခေါ်တာပေါ့။ တင်ဒါခေါ်တဲ့ အချိန်မှာ အနိမ့်ဆုံး ဈေးနှုန်းကို Propose လုပ်လိုက်တာ။ တခြား နိုင်ငံတွေကလည်း ဈေးနှုန်းတွေ ပေးမှာပဲလေ။ အဲဒီအပေါ်မှာ ကိုယ့်ဘက်က ဈေးနှုန်းက သင့်တင့်တယ်ဆိုရင် တင်ဒါရနိုင်မယ်လို့တော့ မှန်းပါတယ်။ ဆန်စပါး အသင်းချုပ်က Exporter တွေ ခေါ်လိုက်တယ်။ ခေါ်ပြီးတော့ ဖိလစ်ပိုင်ဘက်က ကမ်းလှမ်းတာတဲ့ အခြေအနေ၊ သင်္ဘောတင်ရမယ့် ကာလတွေ ဒါတွေ ဆွေးနွေးထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ဖိလစ်ပိုင် အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (NFA) မှ မြန်မာ့ဆန် ၀ယ်ယူနိုင်ရန် ဈေးနှုန်းတင်ဒါ ဖိတ်ခေါ်လာခြင်းအပေါ် နိုင်ငံတကာ ဈေးနှုန်းများ ယှဉ်ကာ တင်ပို့နိုင်မည့် ဈေးနှုန်းများ ပေးပို့ထားကြောင်းနှင့် တင်ဒါအောင်ခဲ့ပါက မြန်မာနိုင်ငံမှ ဧည့်မထဆန် တန် ၅၀၀၀၀ ကို လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် လက်ရှိအချိန်တွင် အာဖရိကနိုင်ငံများသို့ ၂၅ မှတ်ဆန် တင်ပို့မှု မြင့်မားနေပြီး ဥရောပသမဂ္ဂနိုင်ငံများသို့လည်း ဆန်တင်ပို့မှု မြင့်တက်လာကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံများသို့လည်း တင်ပို့နေရကြောင်း သိရသည်။

မြန်မာ့ဆန် ပြည်ပတင်ပို့မှုတွင် ဈေးကွက်သစ်များ ထပ်မံတိုးချဲ့ ရရှိမှုကြောင့် ယခု ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ခုနစ်သိန်းနီးပါး တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် ထက်ဝက်ကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၅၂၂၄၄၃ ဒသမ ၅၃၂ တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၁၆၀ ဒသမ ၃၃၈ သန်းရရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူထက် ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းကျော်သာ တင်ပို့ခဲ့ပြီး တန်ဖိုး ဒေါ်လာ ၇၁ သန်းကျော်သာ ရရှိခဲ့သဖြင့် ယခုနှစ် လက်ရှိအချိန်အထိတွင် ယခင်နှစ် ကာလတူထက် တန်ချိန်ရော တန်ဖိုးပါ ထက်ဝက်ကျော် ပိုမိုတင်ပို့ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

Writer: 
နီလာ