တရုတ်ဘဏ်တွင် ဖွင့်ထားသော မြန်မာနိုင်ငံသား ကုန်သည်များ၏ ကျပ်သိန်းပေါင်း လေးသိန်းကျော်တန်ဖိုးရှိ ငွေစာရင်းတစ်ထောင်ကျော် အပိတ်ခံထားရပြီး ငွေကြေးလည်ပတ်မှု ရပ်ဆိုင်းသွားသဖြင့် ကုန်စည်စီးဆင်းမှုများ ထိခိုက်နေ

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်နေသည့် မူဆယ် (၁၀၅ မိုင်) စခန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်ဘဏ်တွင် ဖွင့်ထားသော မြန်မာနိုင်ငံသား ကုန်သည်များ၏ ကျပ်သိန်းလေးသိန်းကျော်တန်ဖိုးရှိ ငွေစာရင်း ၁၀၀၀ ကျော်ပိတ်ခံထားရပြီး ငွေကြေးလည်ပတ်မှုများ ရပ်ဆိုင်းသွားသဖြင့် ကုန်စည်စီးဆင်းမှုများ ထိခိုက်နေကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သည်များက ပြောကြားသည်။

“သုံးရက်လောက်ရှိပြီ၊ ၁၄ ရက်မွန်းလွဲပိုင်းက စပိတ်တာ၊ ၁၅ ရက်နေ့ကတော့ ပိတ်တာတော်တော်များတယ်၊ မနက်ပိုင်းမှာတစ်သုတ်၊ ညနေပိုင်းမှာတစ်သုတ် အများကြီးပါသွားတာ၊ ၁၆ ရက်နေ့မှာလည်း ဆက်ပိတ်တယ်” ဟု နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

တရုတ်ဘဏ်များကို ငွေစာရင်းဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ ငွေစာရင်းကို ယခင်ကလည်း မကြာခဏပိတ်ဆို့လေ့ရှိသော်လည်း ယခုအကြိမ်ကဲ့သို့ ပမာဏများပြားမှုမရှိဘဲ သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအချို့ကိုသာ ပိတ်ဆို့ခြင်းဖြစ်ကြောင်း သိရသည်။

“ပို့ကုန်သမားရော၊ သွင်းကုန်သမားရော အကုန်ပါတယ်။ ဥပမာကုန်ဝယ်ဖို့အတွက် တရုတ်ဘက်ကို ငွေလွှဲလိုက်ရင် အဲဒီငွေလွှဲတဲ့ လက်ခံတဲ့တရုတ်ကုန်သည်ကပါ အပိတ်ခံရတော့ ပစ္စည်းလည်းထုတ်မရတော့ဘူးပေါ့။ ဘာကြောင့်ပိတ်လဲဆိုတာတော့ ကြားတာတော့ အင်တာနက်လောင်းကစားနဲ့ ပတ်သက်တာတို့၊ တရားမ၀င် မှောင်ခိုကုန်စည် ပို့ဆောင်တာတို့နဲ့ ပတ်သက်ပြီး ကြားပေမယ့် အခုဟာက သွင်းကုန်သမားတွေပါ ပါနေတော့ ဘာကြောင့်လဲဆိုတာ သေချာမသိသေးဘူး။ အခုဟာက ပိတ်ခံရတဲ့သူတွေ ပိုများနေတယ်။ အရင်တုန်းကကျတော့ ဥပမာပဲသမားတို့၊ ဆန်သမားတို့၊ သကြားသမားတို့၊ ပြောင်းသမားတို့ပြီးတော့ ငွေလဲလုပ်ငန်းလုပ်တဲ့သူတို့နဲ့ သူတို့နဲ့ဆက်စပ်တာလောက်ပဲပိတ်တာ။ အခုဟာသွင်းကုန်သမားတွေ၊ သူတို့ဟာသူတို့ ကုန်ဝယ်ဖို့ တရုတ်ဘဏ်မှာ စာရင်းသွားဖွင့်တဲ့သူပါ ပါသွားတာ။ တချို့ကျတော့ လူမှုရေးကိစ္စနဲ့ စာရင်းဖွင့်ထားတာ၊ ဥပမာတရုတ်မှာ ဆေးလာကုတဲ့သူတို့ဘာတို့ရှိတယ်။ ဆေးကုဖို့ သူ့ငွေလေးလဲပြီး တရုတ်ဘဏ်မှာ စာရင်းဖွင့်ထားရင်း အဲဒီအကောင့်လေးပါသွားတာ” ဟု နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထို့သို့ ငွေစာရင်းပိတ်ခံရပါက တရုတ်ဘဏ်က ပုံမှန်အားဖြင့် ခြောက်လအတွင်း စာရင်းရှင်းလင်းနိုင်သော်လည်း အချိန်နှင့် ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်မှုများရှိပြီး ဖြေရှင်းရန် အဆင်မပြေသော ငွေစာရင်းများဆိုပါက နှစ်နှင့်ချီ ပိတ်ဆို့ခံထားရကြောင်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏ၏ ရာခိုင်နှုန်း ၇၀ ခန့်ရှိသဖြင့် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေးကဏ္ဍများ ထိခိုက်နစ်နာမှု မရှိစေရန်နှင့် မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံသား ကုန်သည်များ၏ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက်  တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးဖြေရှင်းပေးစေလိုကြောင်း ကုန်သည်များကဆိုသည်။

“ဒီလိုငွေစာရင်းတွေ ပိတ်တယ်ဆိုတာ မြန်မာဘက်က တရားဝင်ကုန်တွေက သူတို့ဘက်မှာ တရားမ၀င်တာ၊ ငွေလွှဲတဲ့အခါ ဟွန်ဒီစနစ်အသုံးပြုတာနဲ့ ပတ်သက်တာများပါတယ်။ မြန်မာ့ပို့ကုန်တွေ တရားဝင်ဖြစ်ဖို့က မြန်မာအစိုးရနဲ့ တရုတ်အစိုးရက ညှိနှိုင်းနိုင်ဖို့လိုပါတယ်။ တရုတ်ရဲ့ တခြားနယ်စပ်တွေမှာ ဘယ်နိုင်ငံက ကုန်သည်ရဲ့ငွေစာရင်းကို ပိတ်လို့လဲ။ ဒါမြန်မာဘက်မှာပဲ လုပ်နေတာပါ။ ဟွန်ဒီသုံးတယ်ဆိုတာကလည်း တရုတ်ကဖွင့်ပေးထားတဲ့ တရားဝင်ငွေလွှဲလုပ်ငန်းကယူတဲ့ ငွေလွှဲခက ဟွန်ဒီထက်အများကြီးများနေတော့ ဘယ်သူကသုံးမလဲ၊ ဟွန်ဒီနဲ့ပဲလွှဲတာပေါ့။ အခုအပိတ်ခံထားရတဲ့ငွေတွေဟာ ကုန်သည်တွေရဲ့ တရားဝင်ကုန်သွယ်လို့ ရတဲ့ငွေဖြူတွေပါ။ ငွေမည်းမဟုတ်ပါဘူး” ဟု နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုအစိုးရသို့ တရားဝင်ငွေလွှဲ၊ ငွေလဲလုပ်ငန်းများတရားဝင် အခွန်ဆောင်ပြီး လုပ်ဆောင်နိုင်ရန်၊ မြန်မာနိုင်ငံသား ကုန်သည်များ၏ နစ်နာဆုံးရှုံးမှုများအား တရုတ်အစိုးရနှင့် ညှိနှိုင်းအဖြေရှာပြီး ကာကွယ်ပေးရန်၊ မြန်မာဘက်မှ တရားဝင်ပို့ကုန်များကို တရုတ်ဘက်ကလည်း တရားဝင်သွင်းကုန်အဖြစ် လက်ခံပေးရေးအတွက် ဆွေးနွေးညှိနှိုင်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။   

Writer: 
စည်သူအောင်