အိန္ဒိယဈေးကွက်မှ မတ်ပဲအ၀ယ် မတည်ငြိမ်မှုကြောင့် ပြည်တွင်း၌ မတ်ပဲဈေး အတက်အကျ ဖြစ်ပေါ်

ဘုရင့်နောင်ရှိ ပွဲရုံတစ်ခုတွင် ပဲမျိုးစုံ ရောင်းဝယ်မှုကို တွေ့ရစဉ်

အိန္ဒိယဘက်မှ မတ်ပဲအ၀ယ် မတည်ငြိမ်မှုကြောင့် ပြည်တွင်းပဲဈေးကွက်၌ ရက်ပိုင်းအတွင်း မတ်ပဲဈေး အတက်အကျ ကြမ်းလျက်ရှိကြောင်း ဘုရင့်နောင်ရှိ ပဲကုန်သည်များထံမှ သိရသည်။

“မတ်ပဲဈေးက ဒီနေ့ (ဇွန် ၁၆ရက်)မှာ ၈၈၅၀၀၀ ကျပ်ဈေး ရှိနေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ၉၁၅၀၀၀ ကျပ်ဈေး ရှိခဲ့တယ်။ ဒီနေ့ ဈေးပြန်ကျတယ်။ ဒီရက်တွေမှာ ပဲဈေးက ဒီလိုပဲဖြစ်နေတယ်။ လက်ရှိမှာ အိန္ဒိယဘက်က အ၀ယ်မတည်ငြိမ်သေးဘူး ဖြစ်နေတယ်။ အ၀ယ် နှစ်ရက်၊ သုံးရက်လောက် အားပြင်းပြင်းဝယ်ရင် ပြည်တွင်းဈေး တောက်လျှောက်တက်လာတယ်။ အ၀ယ်ရပ်သွားတယ်ဆိုရင် ပြည်တွင်းဈေးက ပြန်ကျတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အိန္ဒိယဈေးကွက် အတွင်း၌လည်း ဈေးနှုန်း အတက်အကျ ကြမ်းနေကြောင်း၊ အိန္ဒိယ ဈေးကွက်တွင် ဈေးကျသည့်အခါ ပြည်တွင်းဈေးကွက်၌ ကျဆင်းမှုလည်း ဖြစ်ပေါ်ကြောင်း၊ အဓိက အနေဖြင့် ရောင်းလိုအား၊ ၀ယ်လိုအားအပေါ် မူတည်ကာ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအရ ဇွန် ၁၅ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၉၀၇၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၁၃၅၀၀၀ ဈေးရှိခဲ့ပြီး ဇွန် ၆ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၄၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၀၇၉၀၀၀ ဈေး ရှိခဲ့ကြောင်း၊ ဇွန် ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၉၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၁၂၇၀၀၀ ဈေးရှိခဲ့သည်။

ပြီးခဲ့သည့် မတ် ၁ ရက်တွင်မူ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၉၆၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၀၂၃၀၀၀ ဈေးဖြင့် လည်းကောင်း၊ ဧပြီ ၄ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၉၂၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၁၁၆၆၀၀၀ ဈေး ရှိခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂ သိန်းနှင့် ၁၄ သိန်းကြား တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် နှစ်သိန်းရှစ်သောင်းကျော် တင်ပို့ထားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယဘက်မှ ပဲဝယ်ယူမှု အားကောင်းခဲ့ကြောင်း၊ ၀ယ်ယူမှု အားကောင်းသည့် နည်းတူ ဈေးနှုန်းလည်း မြင့်တက်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၄ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ယင်းအနက် မတ်ပဲတန်ချိန် ၅၆၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ တန်ချိန်လေးသိန်းကျော်၊ ပဲစင်းငုံမှာ တန်ချိန် တစ်သိန်းရှစ်သောင်းကျော်ခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။

Writer: 
နီလာ