ကုန်ပစ္စည်းအပေါ် တင်သွင်းသူကိုယ်တိုင် တန်ဖိုးကြေငြာကာ တင်သွင်းရမည့် Self Assessment စနစ်ကို လာမည့်သုံးလခန့်တွင် တစ်နိုင်ငံလုံး၌ အသုံးပြုနိုင်မည်

ကုန်ပစ္စည်းအပေါ် တင်သွင်းသူကိုယ်တိုင် တန်ဖိုးကြေငြာကာ တင်သွင်းရမည့် Self Assessment စနစ်ကို လာမည့်သုံးလခန့်တွင် တစ်နိုင်ငံလုံး၌ အသုံးပြုနိုင်မည်
Published 30 January 2018

ကုန်ပစ္စည်းအပေါ် တင်သွင်းသူကိုယ်တိုင် တန်ဖိုးကြေငြာကာ တင်သွင်းရမည့် Self Assessment စနစ်ကို လာမည့်သုံးလခန့်အတွင်း တစ်နိုင်ငံလုံးရှိ ကုန်သွယ်ရေး စခန်းများတွင် စတင်ကျင့်သုံး သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က UMFCCI တွင်ပြုလုပ်သည့် အကောက်ခွန် ဦးစီးဌာနနှင့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းတို့ ကြီးမှူးကျင်းပသော မော်တော်ယာဉ် Valuation နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

“နယ်စပ်ဒေသတော့ အမှန်တော့ စသင့်နေပြီပေါ့။ အဲဒီမှာလည်း တဖြေးဖြေးတော့ စပြောင်းနေပြီ။ ပြီးပြည့်စုံအောင်တော့ မဖြစ်သေးဘူး။ တစ်ချို့အပိုင်းတွေက အရင်အဆင့် Official Assessment ပုံစံကိုပဲ အားသန်တယ်။ အဲဒီအပိုင်းတွေမှာ မူတည်ပြီးတော့မှ လက်ရှိ ဆောင်ရွက်နေတယ်။ တစ်လနှစ်လဆိုရင် အခု System ပဲသွားရမှာပဲ။ ဒီအသစ်နဲ့က ရန်ကုန်မှာတောင် ပြီးပြည့်စုံအောင် မဖြစ်သေးဘူးပေါ့။ ကားတွေနဲ့ ပတ်သက်တာဆို နည်းနည်းလိုသေးတယ်။ ရှေ့တစ်လနှစ်လလောက် ဆိုရင်တော့ ပြီးပြည့်စုံမယ်။ ပြီးပြည့်စုံတယ် ဆိုတာက အကုန်လုံး စနိုင်တဲ့ အခြေအနေကို ပြောတာပေါ့။ နယ်စပ်တွေကတော့ အနည်းဆုံး နှစ်လသုံးလလောက်မှ Stable ဖြစ်လာမှာ အခုအချိန်ထဲက ပြောင်းပြီးတော့မှ ဆောင်ရွက်နေတယ်” ဟု အကောက်ခွန်ဦးစီးဌာန ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင်မူ ထုတ်ကုန်သွင်းကုန်များကို အစိုးရမှ အကောက်ခွန်တန်ဖိုးကို သတ်မှတ်ပေးသည့် Official Assessment စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ Self Assessment စနစ်ဖြင့် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ဦးစားပေးအနေဖြင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် မြဝတီ၊ တာချီလိတ်နှင့် မူဆယ်ကုန်သွယ်ရေး စခန်းများကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ သိရသည်။

“မြဝတီ၊ တာချီလိတ်၊ မူဆယ်ပေါ့။ ကုန်သွယ်မှုအများဆုံး နေရာကလည်း ဒီသုံးနေရာပဲ ရှိပါတယ်။ ကျန်တဲ့နယ်စပ်တွေရော တစ်နိုင်ငံလုံး အကုန်လုံးကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။

အဆိုပါ Self Assessment စနစ်ကို ပြောင်းလဲရန်အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာအမှတ် ၉၁/၂၀၁၇ ဖြင့် အတည်ပြု ထုတ်ပြန်ထားကြောင်း သိရသည်။

 

Most Read

Most Recent