မြန်မာ့ပို့ကုန် အများစုကို အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယ စသည့် ကျဉ်းမြောင်းသည့် ဈေးကွက်အပေါ် မှီခိုနေရသဖြင့် ဈေးကွက်၏ တုံ့ပြန်မှု ပြောင်းလဲသွားပါက ပို့ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်ဟုဆို

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

မြန်မာနိုင်ငံမှ ပို့ကုန်အများစုကို အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ စသည့် ကျဉ်းမြောင်းသည့် ဈေးကွက်အပေါ် မှီခိုနေရသဖြင့် ဈေးကွက်၏ တုံ့ပြန်မှုပြောင်းလဲသွားပါက မြန်မာ့ပို့ကုန် ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မတ် ၁၆ ရက်က ပြောကြားသည်။

“အခုဆိုရင် လုပ်ငန်းရှင်များရဲ့ ကြိုးစားမှု၊ အစိုးရအဖွဲ့ရဲ့ ဈေးကွက်တိုးချဲ့ ရှာဖွေမှုကြောင့် ဆန်၊ ဆန်ကွဲတို့ဆိုရင် အာဖရိကဈေးကွက်တွေကို တော်တော်များများ တိုးချဲ့ထားနိုင်တဲ့ အတွက်ကြောင့် ဆန်ဆိုရင် တန်ချိန် ခြောက်သိန်းလောက် ရေကြောင်းကနေ ပို့နိုင်တယ်။ သို့သော်လည်း အများစုက အိမ်နီးချင်း တရုတ်တို့ အိန္ဒိယတို့ပဲ ဈေးကွက်က ကျဉ်းမြောင်းတဲ့အပေါ် မှီခိုနေရတဲ့အတွက် ဈေးကွက်ကလည်း ကျဉ်းမြောင်းတဲ့ အတွက်ကြောင့် ဒီဈေးကွက်ရဲ့ တုံ့ပြန်မှုက ပြောင်းလဲသွားရင် ကျွန်တော်တို့ရဲ့ ပို့ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက်သွားမှုတွေရှိတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ဆန်ကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ လည်းကောင်း အဓိက တင်ပို့လျက်ရှိသည်။

တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှ တရားဝင်အဖြစ် သတ်မှတ်ထားခြင်း မရှိသဖြင့် မကြာခဏ ဆိုသလို အဖမ်းအဆီးများ ပြုလုပ်လေ့ရှိသည်။ လက်ရှိအချိန်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ဆန်တန်ချိန် တစ်သိန်း တင်ပို့နိုင်ရန် Quota ရရှိရန် နှစ်နိုင်ငံ ဆွေးနွေးလျက်ရှိသည်။

အလားတူ အိန္ဒိယသို့ မတ်ပဲတင်ပို့ရာတွင်လည်း အိန္ဒိယဘက်မှ ၀ယ်လိုအားအပေါ် မူတည်ကာ ပြည်တွင်း၌ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်လေ့ရှိသည်။

“ဈေးကွက်ခိုင်ခိုင်မာမာ ရှိပေမယ့် ဥပမာ-ပြောင်းဆိုရင် ဈေးကွက်က ခိုင်ခိုင်မာမာ ရှိပေမယ့် ကမ္ဘာ့ဈေးကျတော့ ထိခိုက်တာရှိတယ်။ ရေနံစိမ်းဆိုရင်လည်း ဈေးကွက်က တရုတ်နဲ့ ထိုင်းကိုသာ တင်ပို့နေရတဲ့အတွက် ဈေးကွက်က ခိုင်မာပေမယ့် ဈေးနှုန်းကျတဲ့ဒဏ်ကို ခံရတာရှိတယ်။ ရာသီဥတုဒဏ်ပေါ့။ စိုက်ပျိုးရေးမှာ စပါးတွေ ထိခိုက်တာရှိတယ်” ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ ဈေးကွက်က GSP ရတဲ့အတွက်ကြောင့် ဈေးကွက်ကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတယ်။ ထုတ်နိုင်ရင် ထုတ်နိုင်သလောက် ပို့နိုင်သလောက်ရရှိတဲ့ ဈေးကွက်က ရှိပေမယ့် GSP ပေးထားပေမယ့် ယှဉ်ပြိုင်နိုင်စွမ်းဆိုတဲ့ ဈေးနှုန်းအရ သော်လည်းကောင်း၊ အရည်အသွေးအရ သော်လည်းကောင်း၊ ပို့နိုင်တဲ့ အချိန်အတိုင်းအတာ အရသော်လည်း ဈေးကွက်လိုအပ်ချက်အတိုင်း ပို့နိုင်တဲ့ အနေအထားကြောင့် လည်းကောင်း ကျွန်တော်တို့မှာ အကန့်အသတ်တွေ ရှိနေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။                                  

Writer: 
နီလာ