ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် လုပ်ငန်းကိုးခုတွင် နိုင်ငံတကာမှ ဒေါ်လာသန်း ၂၈၀ ကျော် မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက အများဆုံးဖြစ်

ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် လုပ်ငန်းကိုးခုတွင် နိုင်ငံတကာမှ ဒေါ်လာသန်း ၂၈၀ ကျော် မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက အများဆုံးဖြစ်
Published 20 January 2018

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းရှိ စက်ရုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် လုပ်ငန်းကိုးခုတွင် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော်အထိ မြှုပ်နှံထားပြီး ဂျပန်နိုင်ငံက အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ဇန်နဝါရီ ၁၉ ရက်အထိ သီလဝါအထူး စီးပွားရေးဇုန်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခု ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၂၈၀ ဒသမ ၂၉ သန်းအထိ ဝင်ရောက်ထားပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် ဂျပန်နိုင်ငံက လုပ်ငန်းသုံးခု၊ စင်ကာပူနိုင်ငံက လုပ်ငန်းနှစ်ခု၊ ထိုင်းနိုင်ငံက လုပ်ငန်းနှစ်ခု၊ ကိုရီးယားနိုင်ငံက လုပ်ငန်းတစ်ခုနှင့် နယ်သာလန်နိုင်ငံက လုပ်ငန်းတစ်ခုဖြင့် အသီးသီး ဝင်ရောက်မြှုပ်နှံထားပြီး ယင်းတို့အနက် စက်မှုကဏ္ဍတွင် လုပ်ငန်းရှစ်ခုအထိ ရှိနေပြီး ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်း တစ်ခုပါဝင်ကြောင်း သိရသည်။

“ဒီဇန်နဝါရီလထဲမှာဆိုရင် စက်မှုကဏ္ဍမှာ လုပ်ငန်းနှစ်ခုက ဒေါ်လာ ၃၂ ဒသမ ၆ သန်းနဲ့ ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုက ဒေါ်လာ ၁၀ ဒသမ ၁၄ သန်းအထိ ဝင်ရောက်ထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟက်တာစီမံကိန်း တည်ဆောက်မှု စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟက်တာ (ဧက ၂၅၀)ကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်မှုပြီးစီးရန် မျှော်မှန်းထားပြီး အချို့သော မြေနေရာများကိုမူ ၂၀၁၇ ခုနှစ် နှောင်းပိုင်းလောက်ကတည်းက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှု များပြားခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်၏ အောင်မြင်မှုကြောင့် ယခုစီမံကိန်းကို ထပ်မံတိုးချဲ့ တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်တွင် ပထမဆုံးအကြိမ် စတင်ရင်းနှီးမြှုပ်နှံနိုင်သည့် ၂၀၁၄ ခုနှစ် ဇွန်လကတည်းကပင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုက ၎င်းတို့၏စက်ရုံများ ကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် သီလဝါအထူးစီးပွားရေးဇုန်နေရာကို မျက်စိကျကာ ရွေးချယ်ခဲ့ကြဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီ ၁၅၀ ခန့်က ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိ လာရောက် ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်၌ သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံ ၈၉ ရုံ ခွင့်ပြုမိန့်ကျထားကာ စက်ရုံ ၃၉ ရုံလုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံမှ ပြင်ပအခြေခံ အဆောက်အအုံများ၊ လျှပ်စစ်မီး ရရှိရေး၊ ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ODA (Oversea Development Assistant Loan) ဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent