ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက် ပြန်ရောက်လာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၈ ကျပ်ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက် ပြန်ရောက်လာပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၈ ကျပ်ဝန်းကျင်ရှိနေ
Published 10 January 2018

ဇန်နဝါရီ ၈ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အထက်ပြန်ရောက်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြည်တွင်းဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၈ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် စဆင်းခဲ့ပြီး ဇန်နဝါရီ ၈ ရက်တွင် ၉၂ ပွိုင့်အထက်သို့ ပြန်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၆၆ ကျပ်၊ ဧပြီတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်တွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်တွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်တွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာတွင် ၁၃၄၇-၁၃၅၆ ကျပ်၊ အောက်တိုဘာတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာတွင် ၁၃၅၆ -၁၃၅၉ ကျပ်တို့ ဖြစ်ပြီး ကွာဟချက်အများဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှ ၇ ရက် အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဒီဇင်ဘာ ၈ ရက် မှစတင်ကာ ၁၃၅၉ ကျပ်အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၃၅၈ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၅၆ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၅၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၅၄ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် ၁၃၅၃ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၃၄၇ ကျပ်အထိ ပြန်ကျခဲ့ကြောင်း ရောင်းဝယ်သူများထံမှ သိရသည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း အနည်းငယ်ကျဆင်းသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်နဝါရီ ၉ ရက်၌ တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ  ငါးကျပ် လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent