ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၂ ပွိုင့်အောက်ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်ဖြစ်နေ

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၂ ပွိုင့်အောက်ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်ဖြစ်နေ
Published 6 January 2018

ဇန်နဝါရီ ၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၂ ပွိုင့်အောက်ဖြင့်သာ ဈေးပိတ်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်း ကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့် အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် စဆင်းခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ မတ်လတွင် ၁၃၅၇-၁၃၆၆ ကျပ်၊ ဧပြီလတွင် ၁၃၄၇-၁၃၆၁ ကျပ်၊ မေလတွင် ၁၃၄၈-၁၃၆၃ ကျပ်၊ ဇွန်လတွင် ၁၃၅၀-၁၃၆၁ ကျပ်၊ ဇူလိုင်လတွင် ၁၃၅၅- ၁၃၆၃ ကျပ်၊ သြဂုတ်လတွင် ၁၃၅၃-၁၃၅၈ ကျပ်၊ စက်တင်ဘာလတွင် ၁၃၄၈-၁၃၅၆ ကျပ်၊ အောက်တိုဘာလတွင် ၁၃၄၉-၁၃၅၈ ကျပ်၊ နိုဝင်ဘာလတွင် ၁၃၅၆ -၁၃၅၉ ကျပ်တို့ဖြစ်ပြီး ကွာဟချက်အများဆုံး ၁၄ ကျပ်ဝန်းကျင်သာ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှ ၇ ရက် အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဒီဇင်ဘာ ၈ ရက်မှစတင်ကာ ၁၃၅၉ ကျပ်အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၃၅၈ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၅၆ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၅၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၅၄ ကျပ်၊ ဇန်နဝါရီ ၂ ရက်တွင် ၁၃၅၃ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၅၂ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၄၉ ကျပ်အထိပြန်ကျခဲ့သည်။ ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ဇန်နဝါရီ ၅ ရက်၌ တစ်ဒေါ်လာ ၁၃၅၈ ကျပ်အထိ လျှော့ချသတ်မှတ်ခဲ့သည်။

Most Read

Most Recent