မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရော သွင်းကုန်ပါ ယခင်အပတ်ထက် မြင့်တက်လာသည့်အတွက် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၅၄ ဒသမ ၁၂၂ သန်းကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇ ဒသမ ၄၅၈ သန်းလျော့နည်း

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရော သွင်းကုန်ပါ ယခင်အပတ်ထက် မြင့်တက်လာသည့်အတွက် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၅၄ ဒသမ ၁၂၂ သန်းကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇ ဒသမ ၄၅၈ သန်းလျော့နည်း
Published 6 January 2018

မြဝတီနယ်စပ်ဂိတ်အား ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ်

မြန်မာထိုင်းနယ်စပ်ဖြစ်သော မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ပို့ကုန်ရော သွင်းကုန်ပါ ယခင်အပတ်ထက် မြင့်တက်လာသည့်အတွက် ဘဏ္ဍာနှစ်သစ်ဖြစ်သော ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၅၄ ဒသမ ၁၂၂ သန်းကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ် ကာလတူ ကုန်သွယ်မှု (ဒေါ်လာ ၆၆၁ ဒသမ ၅၈၀ သန်း) ထက် ဒေါ်လာ ၇ ဒသမ ၄၅၈ သန်းသာ လျော့နည်းနေဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ခု ဒီဇင်ဘာ ၂၂ ရက်အထိ ထိုင်းနိုင်ငံသို့ ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၃၈၂ သန်းအထိ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကာလတူက တင်ပို့ခဲ့သည့်ပမာဏ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၆၈ သန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဒေါ်လာ ၁၇ ဒသမ ၀၁၄ သန်း ပိုမိုတင်ပို့ထားကြောင်း သိရသည်။

ထို့အတူ ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှုမှာ ယခုဘဏ္ဍာနှစ်တွင် ဒီဇင်ဘာ ၂၂ ရက်အထိ အမေရိကန် ဒေါ်လာ ၅၉၅ ဒသမ ၇၄၀သန်းဖိုး တင်သွင်းလာပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တင်သွင်းခဲ့သည့် သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၆၂၀ ဒသမ ၂၁၁ သန်းထက် ၂၄ ဒသမ ၄၇၂ သန်း လျော့ကျနေသေးကြောင်း သိရသည်။

ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၂၅၅ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှစ် ကာလတူကထက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၈၁ သန်း ကုန်သွယ်မှု လျော့ကျမှုနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၅၈ သန်းသာ လျော့ကျတော့၍ ကုန်သွယ်မှု မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

“၂၀၁၈ ခုနှစ်မှာ အာဆီယံနိုင်ငံတွေက ထုတ်တဲ့ကုန်ပစ္စည်းတွေရဲ့ ကုန်သွယ်မှုမှာ အကောက်ခွန် Zero ဖြစ်လာမယ်ဆိုတော့ ကုန်သွယ်မှု ပိုမိုမြင့်တက်လာနိုင်ပါတယ်။ ခု နွေရာသီမှာ ဇုန်ရှောင်ကွင်းလမ်းက သွားနေကြတယ်။ အကောက်ခွန် ဌာနကလည်း တရားမဝင် လမ်းကြောင်းက သွားတာကို ဖမ်းဆီးမှုတွေ လုပ်နေတယ်ဆိုပေမဲ့ ကွင်းလမ်းတွေက သွားနေကြတုန်းပါပဲ။ နိုင်ငံတကာမှာလို အခွန်ဆောင်ပြီးသွင်းတယ်။ အခွန်ဆောင်ပြီး ရောင်းချတယ်လို့ ဂုဏ်ယူတတ်လာပြီဆိုရင် တရားမဝင် လမ်းကြောင်းတွေ ပပျေက်သွားမှာပါ” ဟု မြဝတီကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နယ်စပ်မှ တရားဝင် မော်တော်ယာဉ် တင်သွင်းမှု ရပ်ဆိုင်လာခြင်းနှင့် နွေရာသီဇုန် ရှောင်ကွင်းလမ်းနှစ်သွယ်မှ ကုန်သွယ်မှု များပြားလာခြင်းလည်း ဖြစ်သည်ဟု နယ်စပ်ကုန်သည်များက ခန့်မှန်းကြသည်။ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကထက် မြင့်တက်လာသော်လည်း ယခု ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှုထက် ၁၀ ဒသမ ၂ ဆကျော် လျော့နည်းနေဆဲဖြစ်သည်။

မြဝတီနယ်စပ်မှ မော်တော်ယာဉ်တင်သွင်းမှု လုံးဝရပ်ဆိုင်း လာနိုင်သည့် အခြေအနေ ရှိသော်လည်း စက်ယန္တရားများ၊ လယ်ယာသုံး ပစ္စည်းများကို ပုံမှန်တင်သွင်းလျက် ရှိသည်။

ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်နှင့်၊ စက်သုံးဆီများ၊ ဓာတ်ငွေ့ရည်များ၊ မော်တော်ဆိုင်ကယ်များ၊ တင်သွင်းလျက်ရှိသလို လယ်ယာလုပ်ငန်းခွင်သုံး ဓာတ်မြေသြဇာများ၊ သံ၊ သွပ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ သကြားများကို Re export အဖြစ် မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

ထိုင်းနိုင်ငံသို့ ပို့ကုန်များမှာ ရေထွက်ကုန်များဖြစ်သော ငါး၊ ပုစွန်၊ ဂဏန်းများနှင့် လယ်ယာထွက်ကုန်၊ ကြက်သွန်၊ နှမ်း၊ နနွင်းနှင့် ပရဆေးများ တင်ပို့လျက်ရှိသည်။ မြန်မာသစ်များကို တရားဝင်တင်ပို့ခွင့် မရှိသော်လည်း တရားမဝင်တင်ပို့မှုအဖြစ် သောင်ရင်းမြစ်ဖြတ်ကျော်ဂိတ်များမှ ကူးလူးလျက်ရှိသည်။

ထို့ပြင် နယ်စပ်ဂိတ်စခန်း ၁၆ ခုမှ ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်ထက်များပြားပြီး အမေရိကန်ဒေါ်လာ ၃၅၇၆ ဒသမ ၈၀၂ သန်းဖိုး တင်ပို့ခဲ့သလို သွင်းကုန်မှာ ကန်ဒေါ်လာ ၂၀၂၇ ဒသမ ၉၆၄ သန်းဖိုး တင်သွင်းခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ အမေရိကန်ဒေါ်လာ ၅၆၀၄ ဒသမ ၇၆၆ သန်း ကုန်သွယ်နိုင်ခဲ့သလို ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ် လာ ၁၇၀ ဒသမ ၁၁၁ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

Most Read

Most Recent