ဆန်ဈေးကွက်အတွင်း ကျပ်သိန်းပေါင်းသောင်းနှင့်ချီသည့် လိမ်လည်မှုတစ်ခု ဖြစ်ပေါ်နေကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရ

ဆန်ဈေးကွက်အတွင်း ကျပ်သိန်းပေါင်းသောင်းနှင့်ချီသည့် လိမ်လည်မှုတစ်ခု ဖြစ်ပေါ်နေကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရ
Published 6 January 2018

ရန်ကုန်မြို့ ဆန်ဈေးကွက်အတွင်း ကျပ်သိန်းပေါင်း သောင်းနှင့်ချီသည့် လိမ်လည်မှုတစ်ခု ဖြစ်ပေါ်နေကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။

“အဲဒီသတင်းနဲ့ ပတ်သက်ပြီး အတိအကျတော့ မသိရသေးပါဘူး” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ဆန်ကုန်သည်အချို့ထံမှ ရရှိသော သတင်းများအရ ယင်းကဲ့သို့ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ငွေစာရင်း အတိအကျ မသိရသေးသော်လည်း ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှတစ်ဆင့် ဆန်များဝယ်ယူပြီး ငွေမရှင်းပေးနိုင်၍ ရှောင်တိမ်းသွားသည့် ပြည်ပပို့ ဆန်ကုန်သည်ထံမှ ကုန်သည် ၂၅ ဦးက ဆန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော် ရရန်ရှိသည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်သို့ တင်ပြခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် အဆိုပါကိစ္စ စတင်ဖြစ်သွား ခဲ့ခြင်းဖြစ်ပြီး ဆန်ကုန်သည်များက ငွေရှင်းပေးရန် ကျန်ရှိသည့် ဆန်ဖိုးငွေကို ကျပ်သိန်း ၃၀၀၀၀ ကျော်၊ ၄၀၀၀၀ ဝန်းကျင်ရှိနိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။ စက်တင်ဘာ ၃၀ ရက်တွင် ယင်းကိစ္စကြောင့် နစ်နာမှုရှိခဲ့သူ ကုန်သည်များကို ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ စာရင်းကောက်ခံခဲ့ပြီး ကုန်သည် ၂၅ ဦးက ဆန်တန်ဖိုး ကျပ် ၁၄၀၀၆၅၉၆၅၁ (ကျပ် ၁၄၀၀၆ ဒသမ ၅၉ သိန်း) ရရန်ရှိကြောင်း သိရသည်။

ထိုသို့ ရှောင်တိမ်းသွားသည့် ဆန်ကုန်သည်သည် ပြည်ပသို့ ဆန်များတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဖြစ်ပွားသည့် ဆန်အမျိုးအစားများမှာလည်း ပြည်ပသို့ တင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားများနှင့် ဆန်ကွဲများဖြစ်ကြောင်း သိရသည်။

“export လိုင်းဆန်မို့ ဒီလောက်အထိ ဖြစ်သွားတာ။ အကြွေးနဲ့လည်ပတ်နေတာ ထုံးစံဖြစ်နေတော့ ဒီလိုပဲ လုပ်နေကြတာ။ အရင်ကလည်း ဒီလိုဖြစ်တတ်ပါတယ်။ ဒီလောက်တော့ မများဘူးပေါ့။ အခုခံရတဲ့ ကုန်သည်တွေထဲမှာ အခုတစ်ခါမက ခံခဲ့ရတဲ့ကုန်သည် တွေပါတယ်။ အကြွေးစနစ်နဲ့ ရောင်းဝယ်လည် ပတ်နေတဲ့ ပုံစံကို ပြန်စဉ်းစားရတော့မှာပါ” ဟု ဆန်ကုန်သည်တစ်ဦးက ရှင်းပြသည်။

ရှောင်တိမ်းသွားသော ဆန်ကုန်သည်ထံမှ ဆန်ဖိုးငွေရရန်ရှိသော လုပ်ငန်းရှင်များတွင် ကျပ်သိန်း ၁၀၀ အောက် ငါးဦး၊ ကျပ်သိန်း ၁၀၀၀ အောက် ၁၆ ဦး၊ ကျပ် သိန်း ၁၀၀၀ အထက် လေးဦးပါဝင်ပြီး ၂၅ ဦးစာရင်းအရ  အများဆုံး ကျပ်သိန်း ၁၇၇၀ ကျော်အထိ ပါဝင်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီး နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အထွေထွေ ညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့နိုင်ရန် အတွက်ကိုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါ အသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

Most Read

Most Recent