မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးတန်ချိန်မှာ ယမန်နှစ်ထက် ပိုများမည်ဟု ခန့်မှန်းထား

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးတန်ချိန်မှာ ယမန်နှစ်ထက် ပိုများမည်ဟု ခန့်မှန်းထား
Published 30 December 2017

မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်တွင် ဖရဲသီးတင်ကားများအား တွေ့ရစဉ်

တရုတ်မြန်မာနယ်စပ်ရှိ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်တွင်းမည့် ဖရဲသီးတန်ချိန်မှာ ၂၀၁၅ -၂၀၁၆ ခုနှစ်ထက် ယခုနှစ်သည် ဖရဲသီးတင်ပို့လာမည့် တန်ချိန်မှ များပြားလာမည်ဟု ခန့်မှန်းထားကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှ သစ်သီးကုန်သည် တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်သို့ တစ်နေ့လျှင် ဖရဲသီးတင်ကား ၂၀၀ နီးပါး ပုံမှန်ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်နေပြီး တစ်ခါတစ်ရံတွင် ဖရဲသီးတင်ကား အစီး ၅၀၀၊ ၆၀၀ ဝင်ရောက်ကာ အရောင်း အဝယ် ဖြစ်နေကြောင်း၊ ပြီးခဲ့တဲ့နှစ်က  တရုတ် -မြန်မာနယ်စပ်ရှိ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်တွင်းမည့်ဖရဲသီးတန်ချိန် ငါးသိန်းကျော် တင်ပို့ရပြီ၊ ယခုနှစ်တွင်  မနှစ် ကထက်ပိုကာ တန်ချိန် ခြောက်သိန်းအထက် ပို့ရမည်ဟု ခန့်မှန်းထားကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှ သစ်သီးကုန်သည် တစ်ဦးက ပြောကြားသည်။

“တစ်နေ့ ကားအစီး ၂၀၀ ပတ်ဝန်းကျင်လောက် အရောင်းအဝယ် ဖြစ်နေပါတယ်။ တကယ်များတဲ့အချိန်ဆို အစီး ၅၀၀၊ ၆၀၀ လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တန်ချိန် ငါးသိန်းကျော်ပို့ရတယ်။ ဒီနှစ်ကတော့ မနှစ်ကထက် ပိုမယ်လို့ ကျွန်တော်တို့တွက်တယ်။ တန်ချိန်ခြောက်သိန်းအထက်တော့ ရောက်မယ်လို့ တွက်တယ်။ ဖရဲသီးကလည်း စိုက်နှုန်းက တအားများတယ်။ မြန်မာတစ်နိုင်ငံလုံးလည်း   ဖရဲသီးထွက်နှုန်း များတဲ့အခါကျတော့ အရောင်းအဝယ်ကောင်းတယ်။ အရောင်းအဝယ်က သူ့ရောက်သလောက်လည်း ရောင်းလို့ရတာပဲ။ ဒါပေမဲ့ ဈေးမမြင့်တာပဲ ရှိတာပေါ့။ ရောင်းလိုအား သိပ်များနေတဲ့ အခါကျတော့ ဈေးမြင့်ကြီး ဖြစ်ဖို့တော့ မလွယ်သေးဘူး” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အစေ့မဲ့ဖရဲ၊ အဝိုင်းကြား (ထဲန်ဝမ်) ဖရဲသီးတို့သည့် အရည်အသွေး ကောင်းမွန်ပါက တစ်ကီလိုလျှင် တရုတ်ငွေ သုံးယွမ်မှ လေးယွမ်ကြားရှိပြီး အကြားသီး ၈၅၅ တစ်ကီလိုလျှင် တရုတ်ငွေ နှစ်ယွမ်၊ နှစ်ယွမ်ကျော်ကြား အရောင်းအဝယ်ဖြစ်နေပြီး တရုတ်ကုန်သည်များက ဖရဲသီးအရည်အသွေး ကောင်းကိုသာ ရွေးချယ်ဝယ်ယူ နေကြကြောင်း ဖရဲကုန်သည်များက ပြောကြားသည်။

“ဖရဲသီးက သိသာသွားတာ အရည်အသွေးမြင့်တဲ့ ဖရဲသီးသာ ဈေးကောင်းရသွားပြီးတော့ အရည်အသွေး အလယ်၊ အလတ်၊ အသင့်ဆိုရင် အရည်အသွေး ကောင်းတာနဲ့ကျ တော်တော်လေးကွာသွားပြီ အရင်တုန်းက တစ်ကျော့၊ နှစ်ကျော့ကွာတာ ခု ငါးကျော့ အချပ်လောက် ကွာသွားတဲ့ အနေအထားမျိုး ဖြစ်သွားပြီး ခုကတော့ သိသာလာတာက အရည်အသွေး ကောင်းမှာကို ဖြစ်တော့မယ့် အနေအထားပေါ့။ အသီးကောင်းတယ်ဆို အကြားသီးက နှစ်ကျပ်ပတ်ဝန်းကျင် စွန်းတဲ့ဟာလည်း နည်းနည်းရှိတယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေက အရမ်းလှတဲ့ဟာတွေ၊ တစ်တန်မှ အလုံး ၇၀ လောက်ပေါ့။ အစေ့မဲ့ ဖရဲတို့ ထဲန်ဝမ်ဆိုတဲ့ ဖရဲတို့ အဲဒါတွေက အရည်အသွေး ကောင်းရင်တော့ သုံးယွမ်နဲ့ လေးယွမ်ကြားမှာ ရှိတာပေါ့” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှ သစ်သီးကုန်သည် တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent