မြဝတီနယ်စပ်စခန်းမှ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်ထိ အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၂၅၅ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၈၁ သန်း ကုန်သွယ်မှုလျော့ကျ

မြဝတီနယ်စပ်စခန်းမှ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်ထိ အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၂၅၅ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၈၁ သန်း ကုန်သွယ်မှုလျော့ကျ
Published 27 December 2017

စက်ယန္တရားများနှင့် လယ်ယာသုံး စက်ပစ္စည်းများကို မြဝတီနယ်စပ်မှ ပုံမှန်တင်သွင်းလျက်ရှိစဉ်

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ ယခုဘဏ္ဍာနှစ်သစ် ကုန်သွယ်မှုပမာဏမှာ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၂၅၅ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၈၁ သန်း ကုန်သွယ်မှု လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ထိုင်းနိုင်ငံမှ ယခုနှစ် တရားဝင်ကုန်သွယ်မှုမှာ ယခင်နှစ်ကထက် လျော့ကျနေသော်လည်း လာမည့် အမှတ် (၂) ချစ်ကြည်ရေး ကုန်သွယ်မှုတံတား ဖွင့်လှစ်နိုင်ချိန်တွင် ယခုထက်သုံးဆ ကုန်သွယ်မှု မြင့်တက်လာနိုင်သည်ဟု ထိုင်းနိုင်ငံ ကုန်သည်လုပ်ငန်းရှင်များက သုံးသပ်ထားကြောင်း သိရသည်။

ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ပြည်တွင်းသို့ ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ ၆၀၁ ဒသမ ၁၁၀ သန်းရှိပြီး ထိုင်းနိုင်ငံဘက်သို့ ပြည်တွင်း ထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈၂၆ သန်းရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၄၀ ဒသမ ၉၃၆ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဈေးကွက်သို့ ထိုင်းနိုင်ငံဘက်မှ တရားဝင်တင်သွင်းသည့် ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူကထက် လျော့ကျခဲ့ပြီး  အမေရိကန်ဒေါ်လာ ၅၅၆ ဒသမ ၁၁၀ သန်း ကုန်သွယ်နိုင်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ထွက်ကုန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် မြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၁၄၅ သန်း ကုန်သွယ်နိုင်ခဲ့၍ ဒီဇင်ဘာ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၂၅၅ သန်းသာ ကုန်သွယ်နိုင်သေးကြောင်း သိရသည်။

မြဝတီ ဒေါနတောင်ကျော် အာရှလမ်းသစ် ဖွင့်လှစ်ပြီးနောက် ထိုင်းကုန်ပစ္စည်းများ ကုန်သွယ်မှု တစ်ဟုန်ထိုး မြင့်တက်လာခဲ့သော်လည်း  ယခုနှစ် ဘဏ္ဍာနှစ်သစ်တွင် ယခင်နှစ်ကထက် ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့ကာ ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ လျော့ကျလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သွင်းကုန်တင်သွင်းမှု လျော့ ကျနေခြင်းမှာ နယ်စပ်မှ တရားဝင် မော်တော်ယာဉ်တင်သွင်းမှု ရပ်ဆိုင်လာခြင်းနှင့် နွေရာသီ ဇုန်ရှောင်ကွင်းလမ်းနှစ်သွယ်မှ ကုန်သွယ်မှု များပြားလာခြင်းကြောင့်လည်း ဖြစ်သည်ဟု နယ်စပ်ကုန်သည်များက ခန့်မှန်းကြသည်။ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကထက်  မြင့်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှုထက် ၉ ဒသမ ၉ ဆကျော် လျော့နည်းနေဆဲ ဖြစ်သည်။

မြဝတီနယ်စပ်မှ မော်တော်ယာဉ်တင်သွင်းမှု လုံးဝရပ်ဆိုင်လာနိုင်သည့် အခြေအနေ ရှိသော်လည်း စက်ယန္တရားများ၊ လယ်ယာသုံးပစ္စည်းများကို ပုံမှန်တင်သွင်းလျက်ရှိသည်။

ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်နှင့် စက်သုံးဆီများ၊ ဓာတ်ငွေ့ရည်များ၊ မော်တော်ဆိုင်ကယ်များ တင်သွင်းလျက်ရှိသလို လယ်ယာလုပ်ငန်းခွင်သုံး ဓာတ်မြေသြဇာများ၊ သံ၊ သွပ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ၊ သကြားများကို Re Export အဖြစ် မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။

ထိုင်းနိုင်ငံသို့ ပို့ကုန်များမှာ ရေထွက်ကုန်များဖြစ်သော ငါး၊ ပုစွန်၊ ကဏန်းများနှင့် လယ်ယာထွက်ကုန်၊ ကြက်သွန်၊ နှမ်း၊ နနွင်းနှင့် ပရဆေးများ တင်ပို့လျက်ရှိသည်။ မြန်မာသစ်များကို တရားဝင်တင်ပို့ခွင့် မရှိသော်လည်း တရားမဝင် တင်ပို့မှုအဖြစ် သောင်ရင်းမြစ်ဖြတ်ကျော် ဂိတ်များမှ ကူးလူးလျက်ရှိသည်။

ထို့ပြင် နယ်စပ်ဂိတ်စခန်း ၁၆ ခုမှ ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်ထက် များပြားပြီး အမေရိကန်ဒေါ်လာ ၃၄၄၅ ဒသမ ၂၈၂ သန်းဖိုး တင်ပို့ခဲ့သလို သွင်းကုန်မှာ အမေရိကန်ဒေါ် လာ ၁၉၄၄ ဒသမ ၉၇၅ သန်းဖိုး တင်သွင်းခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ ၅၃၉၀ ဒသမ ၂၅၇ သန်း ကုန်သွယ်နိုင်ခဲ့သလို ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၅၁၁ သန်း ပိုမိုကုန်သွယ်ထားကြောင်း သိရသည်။

Most Read

Most Recent