တရုတ်ကြက်သွန်နီများ ပြည်တွင်း စားသုံးသူအကြိုက် စိုက်ပျိုးထုတ်လုပ် တင်သွင်းပါက မြန်မာကြက်သွန်နီ ဈေးကွက် ပျောက်ကွယ်လာနိုင်

တရုတ်ကြက်သွန်နီများ ပြည်တွင်း စားသုံးသူအကြိုက် စိုက်ပျိုးထုတ်လုပ် တင်သွင်းပါက မြန်မာကြက်သွန်နီ ဈေးကွက် ပျောက်ကွယ်လာနိုင်
Published 13 December 2017

ပခုက္ကူမြို့ရှိ ကြက်သွန်ဒိုင် တစ်ခုအား တွေ့ရစဉ်

တရုတ်ကြက်သွန်နီများ နောင်အချိန်တွင် ပြည်တွင်းစားသုံးသူအကြိုက် နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်  တင်သွင်းလာပါက မြန်မာကြက်သွန်နီဈေးကွက် ပျောက်ကွယ်လာနိုင်ပြီး တရုတ်ကြက်သွန်နီဈေးကွက်က ကြီးစိုးသွားနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ကုန်သည်များက သုံးသပ်ပြောကြားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုခန့်က မြန်မာ့ကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူများ ဈေးမြင့်သည့် အချိန်တွင် တရုတ်ကြက်သွန်ဖြူများ အောက်ဈေးဖြင့် စတင်ဝင်ရောက်လာခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာ့ကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူများ ဈေးကွက်ပျောက်ကွယ်သွားပြီး တရုတ်ကြက်သွန်ဖြူ ဈေးကွက်က ကြီးစိုးသွားသည့် သာဓကများ ရှိခဲ့ကြောင်း၊ ယင်းကဲသို့ပင် ယခုအခါတွင်လည်း တရုတ်နိုင်ငံမှ အရည်အသွေးမှီ ကြက်သွန်များ တင်သွင်းနေမည် ဆိုပါက မြန်မာကြက်သွန်နီ ဈေးကွက်မှာလည်း မြန်မာ့ကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူ ဈေးကွက်များကဲ့သို့ ပျောက်ကွယ်ကာ တောင်သူများ၊ ကုန်သည်ပွဲစားများ အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စားဖိုချောင်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

“အရင်တုန်းကလည်း ဒီလိုပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုခွဲ၊ နှစ်စုခွဲလောက်ကလည်း မြန်မာ့ကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူတွေ ဈေးအရမ်းမြင့်တော့ တရုတ်ကြက်သွန်ဖြူတွေ ဝင်လာတယ်။ အဲဒီမှာ လူတွေက စားမကောင်းဘူး။ အရည်အသွေးညံ့တယ် စသဖြင့် အမျိုးမျိုး ပြောကြတယ်။ ခုဒီဘက်ရောက်လာတဲ့ အခါကျတော့ တရုတ်ကြက်သွန်ဖြူက မြန်မာ့ကြက်သွန်ဖြူ။ ရှမ်းဖြူကို ဈေးကွက်က စိုးမိုးသွားတယ်။ ဈေးကွက်အထက်ကပဲ နေသွားပြီ။ အရည်အတွက်ရော၊ ဈေးကွက်ရော။ အရည်အချင်းတွေရော အားလုံးပဲ။ သူတို့က အသာစီးမှုရသွားပြီတော့ ရှမ်းကြက်သွန် ဖြူရော၊ မြန်မာ့ကြက်သွန်ဖြူရော တရုတ်ရဲ့ ဈေးကွက်ကြီးစိုးမှု အောက်မှာ ရောက်သွားတယ်။ ခုလည်း မြန်မာ့ကြက်သွန်နီလည်း ဒီအတိုင်းပါပဲ။ စဝင်ခါစကတော့ ဒီလိုပဲ မြန်မာနိုင်ငံကို အောက်ဈေးနဲ့ စဝင်လာတယ်။ ရေရှည်မှာ မြန်မာနိုင်ငံရဲ့ စားသုံးသူရဲ့ အကြိုက်၊ နည်းစနစ်တွေ ပြောင်းလဲပြုပြင်ပြီး တချိန်မှာ ထိုးနှက်လာရင်တော့ တရုတ်ကြက်သွန်ဖြူလိုပဲ မြန်မာ့ကြက်သွန်နီက ဈေးကွက်မှာ ပျောက်သွားနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ကြက်သွန်နီ တောင်သူများအနေဖြင့် မိရိုးဖလား စိုက်ပျိုးနည်း စနစ်များဖြင့်သာ စိုက်ပျိုးထုတ်လုပ် ရောင်းချသဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်ပြီး ထုတ်လုပ်မှု စွမ်းရည်မှာလည်း အပြည့်အ၀ မရရှိသည့်အတွက် ရောင်းချသည့် နေရာတွက် ဈေးအနည်းမြင့်တက်၍ ရောင်းချရကြောင်း၊ တရုတ်ကြက်သွန်နီများမှာ နည်းပညာများဖြင့် စိုက်ပျိုးထုတ်လုပ် ရောင်းချသဖြင့် မြန်မာ့ကြက်သွန်နီထက် အရည်အသွေး နိမ့်ကျသော်လည်း အရည်အတွက်မှာ လုံလောက်စွာ ရရှိသည့်အတွက် ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ကြောင်း၊ ပြည်တွင်းကြက်သွန်စိုက် တောင်သူများ အနေဖြင့် ထုတ်လုပ်စရိတ် အရမ်းမြင့်မား နေသည့်အတွက် တရုတ်ကြက်သွန်နီနှင့် ဈေးနှုန်းယှဉ်၍ မရောင်းချနိုင်သည့်အတွက်   မြန်မာ့ကြက်သွန်နီ ဈေးကွက်ကို တရုတ်ကြက်သွန်နီ ဈေးကွက်က ကြီးစိုးသွားနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ကုန်သည်များက ပြောကြားသည်။

မြန်မာ့ကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူ ဈေးကွက်မှာ လက်ရှိကာလတွင် တရုတ်ကြက်သွန်ဖြူ ဈေးကွက်အောက်သို့ ရောက်ရှိသွားသည့် သာဓကများ ရှိခဲ့သဖြင့် ယင်းကဲ့သိုပင် မြန်မာ့ကြက်သွန်နီဈေးကွက် ပျောက်ကွယ်သွားပြီး တရုတ်ကြက်သွန်နီ ဈေးကွက်အောက် ရောက်ရှိသွားမည် ဆိုပါက ပြည်တွင်း ကြက်သွန်စိုက် တောင်သူများ အလုပ်လက်မဲ့ ဖြစ်ပေါ်လာနိုင်သည့်အပြင် မြန်မာ့ကြက်သွန်နီနှင့် ဆက်စပ်သည့် ကုန်သည်ပွဲစားများပါ အခက်အခဲများစွာ တွေ့ကြုံလာနိုင်သဖြင့် နိုင်ငံတော်အစိုးရ၊ တာဝန်ရှိသည့် ဝန်ကြီးဌာနများ အနေဖြင့် ငွေကြေးအားဖြင့် ကူညီဆောင်ရွက် မပေးနိုင်ခဲ့ပါက နည်းပညာများ၊ အကြံဉာဏ်များကို ပြည်တွင်း ကြက်သွန်စိုက် တောင်သူများအား ကူညီဆောင်ရွက် ပေးစေလိုကြောင်း မန္တလေးမြို့ ကြက်သွန်ကုန်သည်များက ပြောကြားသည်။

Most Read

Most Recent