လက်ရှိ ဘဏ္ဍာနှစ်ဝက်အတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာငါးဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားခဲ့

လက်ရှိ ဘဏ္ဍာနှစ်ဝက်အတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာငါးဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားခဲ့
Published 6 December 2017

မြန်မာ-တရုတ်နယ်စပ်၏ အဓိက ကုန်သွယ်ရေး စခန်းဖြစ်သော မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ်

လက်ရှိဘဏ္ဍာနှစ်ဝက်(ဧပြီမှ စက်တင်ဘာလ) အတွင်း မြန်မာ- တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ငါးဘီလျံကျော်ရှိပြီး တရုတ်ဘက်သို့ ပို့ကုန်တင်ပို့မှုထက် တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှု များပြားခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ ပို့ကုန်/သွင်းကုန် အခြေအနေများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၅၅၃၇ ဒသမ ၃၃ သန်းရှိပြီး ယင်းပမာဏတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၂၄၇၂ ဒသမ ၉၇ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၀၆၄ ဒသမ ၃၆ သန်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင်  မြန်မာ -တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀၄၉၆ ဒသမ ၄၅ သန်းရှိပြီး ပို့ ကုန်တန်ဖိုး ဒေါ်လာ ၄၇၆၄ ဒသ မ ၉၅ သန်း၊ သွင်းကုန်တန်ဖိုးဒေါ် လာ ၅၇၃၁ ဒသမ ၅၀ သန်းပါဝင်ကြောင်း သိရသည်။

ယင်းဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ ဆန်၊ ငါး၊ သစ်၊ ပဲ၊ နှမ်း၊ ချုပ် ပြီးအထည်များ၊ အခြား ရေထွက်ကုန်များ၊ ရော်ဘာ၊ သတ္တုတွင်းထွက်များ အပါအဝင် အခြားပို့ကုန်များကို တင်ပို့ခဲ့ကြောင်း သိရသည်။ တရုတ်ဘက်သို့ ပို့ကုန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုထက် နယ် စပ်ကုန်သွယ်ရေးမှ ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

သွင်းကုန်တင်သွင်းမှု အပိုင်းတွင် တရုတ်မှ မြန်မာနိုင်ငံသို့ စက်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဆေးဝါးများ၊ နို့ထွက်ပစ္စည်းများ အပါအဝင် အခြားသွင်းကုန်များကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သွင်းကုန်တင်သွင်းမှုတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အများဆုံး တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၂၈၈၄၃ ဒသမ ၁၆ သန်းရှိပြီး တရုတ်နှင့် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၀၄၉၆ ဒသမ ၄၅ ရှိသဖြင့် ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၃၆ ဒ သမ ၃၉ ရာခိုင်နှုန်းကို တရုတ်နှင့် ကုန်သွယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅၀၇ ဒသမ ၈၄ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာ ဏဒေါ်လာ ၅၉၈၈ ဒသမ ၆၁ သန်းပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန်အတွက် မြန်မာဘက်ခြမ်းတွင် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ ချင်းရွှေဟော်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။

တရုတ်နှင့် ကုန်သွယ်ရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၀၁၆ ဒသမ ၂၄ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၆၉၆ ဒသမ ၄၁ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀၉၉၂ ဒသမ ၀၄ သန်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent