ကျောင်းကြို/ပို့ယာဉ်အဖြစ် အသုံးပြုရန် ပြည်ပမှ တင်သွင်းလာမည့် ယာဉ်များအား ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပေးရန် ညွှန်ကြားထား

ကျောင်းကြို/ပို့ယာဉ်အဖြစ် အသုံးပြုရန် ပြည်ပမှ တင်သွင်းလာမည့် ယာဉ်များအား ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပေးရန် ညွှန်ကြားထား
Published 4 August 2017

ကျောင်းကြို/ပို့ယာဉ်အဖြစ် အသုံးပြုရန် ပြည်ပမှ တင်သွင်းလာမည့် ယာဉ်များအား ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) က ညွှန်ကြားထားကြောင်း သိရသည်။

ကျောင်းကြို/ပို့ယာဉ် (School Bus) များအဖြစ် လုပ်ငန်းဆောင်ရွက်မည့် ယာဉ်များသည် ခရီးသည် ၁၀ ဦးနှင့်အထက် တင်ဆောင်နိုင်သော Micro Bus, Mini Bus, Bus ယာဉ်များ ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး ထိုင်ခုံတိုင်းတွင် အသက်ကယ် ထိုင်ခုံခါးပတ် (Seat Belts) များ ပါရှိရမည်ဟု သတ်မှတ်ထားကြောင်း အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘယ်မောင်းယာဉ် (Left Hand Drive) နှင့် ယာဉ်၏ ညာဘက် (Right Hand Side) တွင် အတက်အဆင်း တံခါးပေါက် ပါရှိရန်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ် တပ်ဆင်ထားရမည်ဖြစ်ကာ ရှေးဦးသူနာပြုသေတ္တာ ပါရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ယာဉ်၏အတွင်း၌ ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး အနည်းဆုံး နှစ်ဘူး ပါရှိရမည်ဖြစ်ပြီး ယာဉ်၏ ဆေးရောင်အား အဝါရောင် သတ်မှတ်၍ ယာဉ်၏ အရှေ့နှင့် အနောက်တွင် School Bus စာလုံးကို ထင်ရှားစွာ ရေးသားထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းအမည်နှင့် ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များကို ယာဉ်၏ဘေးဘက်တွင် ရေးသားထားရမည်ဖြစ်ပြီး ယာဉ်မောင်းသူသည် အနိမ့်ဆုံး ‘ဃ’ ယာဉ်မောင်းလိုင်စင် ရရှိပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည့်အပြင် အမြန်နှုန်း 40 km/hr(25mile/hr) ထက်ပို၍ မောင်းနှင်ခြင်း မပြုရန် ကန့်သတ်ထားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါယာဉ်အား အငှားယာဉ် (ကျောင်းကြို/ပို့လုပ်ငန်းသုံးယာဉ်) အဖြစ် ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

School Bus ယာဉ်အဖြစ် အသုံးပြရန် ပြည်ပမှ တင်သွင်းမည့် ယာဉ်များအား ကနဦး မှတ်ပုံတင်ရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ခွင့်ပြုထားသော City Bus ယာဉ်များနည်းတူ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် တိုင်းဒေကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ထောက်ခံချက်ဖြင့် School Bus ယာဉ်များ တင်သွင်းခြင်းတွင် အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် လိပ်စာဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ရောက်ရှိပြီးဖြစ်သည့် Micro Bus, Mini Bus, Bus ယာဉ်များသည်လည်း School Bus ယာဉ်အဖြစ် ဆောင်ရွက်လိုပါက အဆိုပါသတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီလျှင် ခွင့်ပြုပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

Writer: မင်းသီဟဇော်

Most Read

Most Recent