၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၀ ရက်အထိ ပြည်ပသို့ဆန်တင်ပို့မှုမှ ဒေါ်လာ ၅၂၃ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၂၀ ကျော်ပိုမိုရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၀ ရက်အထိ ပြည်ပသို့ဆန်တင်ပို့မှုမှ ဒေါ်လာ ၅၂၃ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၂၀ ကျော်ပိုမိုရရှိ
Published 3 November 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တို ဘာ ၂၀အထိ ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၅၂၃သန်းကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း၃၂၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၀ အထိ ပြည်ပသို့ဆန်တင်ပို့မှုမှ ဒေါ် လာ ၅၂၃ ဒသမ ၀၁၀ သန်းရရှိထားသည်။  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူက ဒေါ် လာ ၁၉၅ ဒသမ ၇၁၀ သန်းသာရရှိခဲ့သဖြင့် ယခုနှစ်လက်ရှိ အချိန်အထိတွင် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၃၂၇ ဒသမ ၃ သန်း ပိုမိုရရှိထားခြင်း ဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် နှစ်သန်းအထိ တင်ပို့နိုင်ရန် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုကို နှစ်စဉ် ၁၅ ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၂၀ ခန့်  တိုးတက်လာရန်နှင့် လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန်သုံးသန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆိုသည်။

“ဆန်ပြည်ပတင်ပို့မှုကို နှစ်စဉ်တိုးတက်မှုကို အနည်းဆုံး ၁၅ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်း  ၂၀ လောက်ကို မှန်းတယ်။ ဆန်ပြည်ပတင်ပို့မှုရဲ့ Annual Growth Rate ပေါ့။ ရည်ရွယ်ချက်ကတော့ ၂၀၂၀-၂၀၂၁ လောက်မှာ ဆန်တန်ချိန် သုံးသန်းလောက်ပို့နိုင်မယ်။ အမျိုးသားပို့ကုန် မဟာဗျူဟာမှာဆို ရင်လေး သန်းလောက်အထိ မှန်းတယ်။ ဒီနေရာမှာလည်း တန်းမြင့်ဆန်တင်ပို့မှုကို တိုးချဲ့ပြီးတော့ ပါလာအောင် ကျွန်တော်တို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရည်ရွယ်တယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။

လက်ရှိအခြေအနေတွင် ဆန်ဝယ်လို အားတက်လာမှုကြောင့် အတွေ့အကြုံနုနယ် သေးသည့် ပို့ကုန်လုပ်ငန်းရှင်အချို့ အနေဖြင့် ယခင်က ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိသည့် ရောင်းဝယ်မှုတွင် အားနည်းချက်များဖြစ်ပွားခဲ့သည်ကို သိရှိရကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများနှင့် အရောင်းအဝယ်လုပ်ငန်းများ စနစ်တကျရှိစေရေး၊ တောင်သူများ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်စသည့် မှန်လေးမှန်ဖြစ်ပေါ်စေရေးအတွက် မြို့ကြီးများတွင် သီးနှံကုန်စည်ဒိုင်များ ဖွဲ့စည်းထားခဲ့ပြီး ကုန်စည်ဒိုင်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်၍ အလွန်အရေးကြီးကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက သတိပေးပြောကြားသည်။

Most Recent