ထားဝယ်မြို့ရှိ အရည်အသွေးမြင့် ရော်ဘာထုတ်စက်ရုံကို စတင်စမ်းသပ် လည်ပတ်နေပြီး လာမည့် ဒီဇင်ဘာလအတွင်း အပြည့်အ၀ လည်ပတ်မည်

ထားဝယ်မြို့ရှိ အရည်အသွေးမြင့် ရော်ဘာထုတ်စက်ရုံကို စတင်စမ်းသပ် လည်ပတ်နေပြီး လာမည့် ဒီဇင်ဘာလအတွင်း အပြည့်အ၀ လည်ပတ်မည်
Published 14 October 2017

အရည်အသွေးမြင့် ရော်ဘာစက်ရုံကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် သဗျာကျေးရွာ အနီးတွင် တည်ဆောက်ထားသည့် အရည်အသွေးမြင့် ရော်ဘာထုတ် စက်ရုံကို စတင်စမ်းသပ် လည်ပတ်နေပြီး လာမည့် ဒီဇင်ဘာလအတွင် အပြည့်အ၀ လည်ပတ်မည်ဖြစ်ကြောင်း အဆိုပါစက်ရုံ စီမံကိန်းမန်နေဂျာ ဦးတင်ဦးက ပြောကြားသည်။

အဆိုပါ စက်ရုံကို ၂၀၁၆ ခုနှစ် သြဂုတ်လက ထားဝယ်မြို့မှ အရှေ့ဘက် ခုနစ်မိုင်ကျော်အကွာ ထားဝယ်-ထီးခီး လမ်းမပေါ်မှ သဗျာရွာအနီးရှိ မြေဧက ၃၀ ခန့်ပေါ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် စက်ရုံအား စမ်းသပ်လည်ပတ်ခဲ့ပြီး ထွက်ရှိလာသည့် ရလဒ်အရ နိုင်ငံတကာ ဈေးကွက်တွင် လက်ခံနိုင်သည့် အဆင့်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ တစ်နေ့လျှင် ပေါင် ၆၀၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ကြောင်း စက်ရုံတည်ဆောက်ရေး စီမံကိန်း မန်နေဂျာ ဦးတင်ဦးက ပြောကြားသည်။

“အရည်အသွေး မြင့်လာပြီဆိုရင် နိုင်ငံတကာ အဆင့်မီလာပြီဆိုရင် အခု Bridgestone တွေ၊ တရုတ်တွေ၊ စင်ကာပူတွေ လာလေ့လာတာပေါ့။ လေ့လာတဲ့ အချိန်မှာ ရော်ဘာ အရည်အသွေးကို ကြိုက်တယ်။ သူတို့ လက်ခံနိုင်တဲ့ အရည်အသွေး ရပြီပေါ့။ သူတို့ လိုအပ်တဲ့ နည်းပညာတွေကိုလည်း ပြောပြပေးခဲ့တယ်။ ဒီစက်ရုံဒီဇိုင်းက ထိုင်းမှာလုပ်ထားတဲ့ နည်းပညာတွေကိုလည်း ကြည့်တယ်။ ထားဝယ်က ရော်ဘာအစေးခြစ် သမားတွေက ထားဝယ်မှာ ရော်ဘာဈေး ကောင်းကောင်း မရတဲ့အတွက် ထိုင်းမှာ သွားလုပ်ရတယ်။ ထိုင်းမှာက နိုင်ငံခြားဈေးကွက် မီတယ်လေ။ ထားဝယ်မှာလည်း နိုင်ငံခြားဈေးကွက် မီမယ်ဆိုရင် ထိုင်းကအလုပ်သမားတွေ ပြန်လာမယ်ပေါ့။ ရည်ရွယ်ချက်က အဲဒါလည်း ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ စက်ရုံမှာ ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း ၂၀၀၀၀ ခန့်ရှိပြီး ၎င်းစက်ရုံ စီမံကိန်းတွင် ရော်ဘာမှိုင်းခံ တစ်ခန်းလျှင် ရော်ဘာပေါင် ၁၁၀၀၀ မှိုင်းခံနိုင်သည့် ရှစ်ခန်းတွဲ သုံးခန်း (စုစုပေါင်းအခန်း ၂၄ ခန်း) ပါ ရော်ဘာမှိုင်း ခံရုံတစ်ခု၊ အစေးခဲကန် ၂၀၀ × ၆၀ ပေ အဆောက်အအုံတစ်ခု၊ ရော်ဘာထုတ်ပိုးသည့် အဆောက်အအုံတစ်ခုနှင့် အခြား အဆောက်အအုံများ ပါဝင်ကြောင်း၊ ထင်းသုံးစွဲမှု နည်းပါးသည့်နည်းဖြင့် တည်ဆောက်ထားသော ရော်ဘာမှိုင်းခံသည့် အခန်းတစ်ခုတွင် ရော်ဘာပေါင် ၁၁၀၀၀ အား လေးရက်ကြာ မှိုင်းခံနိုင်ကြောင်း ဦးတင်ဦးက ပြောကြားသည်။

လက်ရှိတွင် စက်ရုံ၌ ရင်းနှီးမြှုပ်နှံထားသည့် ရော်ဘာခြံပိုင်ရှင်များ၏ ခြံများမှ ထွက်ရှိလာသည့် ရော်ဘာအစေးများဖြင့် စမ်းသပ် ထုတ်လုပ်နေသော်လည်း စက်ရုံ အပြည့်အ၀ စတင်လည်ပတ်ချိန်၌ ဒေသတွင်းရှိ ရော်ဘာခြံ ပိုင်ရှင်များကို အစုအဖွဲ့များ ပြုလုပ်ပေးကာ ရော်ဘာအစေးများ လိုက်လံစုဆောင်း၍ အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းစက်ရုံ၌ အလုပ်သမား ၅၀ ဦးဖြင့် စတင် လုပ်ကိုင်နေပြီး အလုပ်သမားဦးရေ ၁၅၀ ခန့်အထိ ထပ်မံခန့်ထားမည်ဖြစ်ပြီး ထားဝယ်ဒေသအတွင်း၌ ရော်ဘာအရည်အသွေးမြင့် ထုတ်လုပ်နိုင်မည့် စက်ရုံနှစ်ရုံကိုလည်း ထပ်မံတည်ဆောက်ရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ထားဝယ်ဒေသတွင် ယခင်က ဒေသခံများ အနေဖြင့် အရည်အသွေးမပြည့်သော ရော်ဘာများသာ ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်အတွင်း ဈေးနှိမ်ခံရမှုများနှင့် ဘေးထွက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ နိုင်ငံတကာဈေးကွက်က လက်ခံနိုင်သည့် အရည်အသွေးမြင့် ရော်ဘာ ထုတ်လုပ်နိုင်ပါက ဈေးနှုန်းအတက်အကျ မရှိဘဲ ဈေးနှုန်းတည်ငြိမ်ခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါးခြင်း၊ ဈေးကွက်ခိုင်မာခြင်းများ ရှိနိုင်ကြောင်း ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရော်ဘာအများဆုံး စိုက်ပျိုးထားပြီး တနင်္သာရီတိုင်းဒေသကြီး၌ ရော်ဘာစိုက်ဧက သုံးသိန်းကျော်ခန့် ရှိကြောင်း၊ ကော့သောင်း ခရိုင်တွင် အဆင့်မြင့်ရော်ဘာထုတ် စက်ရုံတစ်ခုရှိကာ လက်ရှိတွင် စတင်လည်ပတ်နေပြီဖြစ်သည်။

Most Read

Most Recent