လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း သွင်းကုန်တင်သွင်းမှု များသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော် ရှိခဲ့

လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း သွင်းကုန်တင်သွင်းမှု များသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော် ရှိခဲ့
Published 14 October 2017

ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အရေးပါသည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လက်ရှိဘဏ္ဍာနှစ် ခြောက်လကျော် ကာလအတွင်း သွင်းကုန်တင်သွင်းမှု များသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော်သို့ ရောက်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှု လိုငွေထက် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၆၅၀၅ ဒသမ ၂၇၇ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၈၆၄ ဒသမ ၉၄၁ သန်း ပိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၆ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၆ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၂၇၂၆ ဒသမ ၁၅၃ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၇၇၉ ဒသမ ၁၂၄ သန်း ပါဝင်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၂၉၅၂ ဒသမ ၈၅၀ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၈၇ ဒသမ ၉၀၉ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၆ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၂၃၂ ဒသမ ၄၈၃ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၉၂၇၂ ဒသမ ၇၉၄ သန်း ပါဝင်ကြောင်း သိရသည်။

သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၀၄၀ ဒသမ ၃၁၁ သန်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၇၉၅ ဒသမ ၁၉၂ သန်းသာ ဖြစ်ပေါ်ခဲ့သဖြင့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံ ရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၅၀၀၀ ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ သန်း ၂၉၀၀၀ ဖြစ်ပြီး ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလျံ)ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှု စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်း ရှိခဲ့ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်သွယ်မှုဆိုင်ရာ နှိုင်းယှဉ်ချက် (ဒေါ်လာ၊ သန်း)

စဉ်                                 ကဏ္ဍ                             ၂၀၁၇-၂၀၁၈                               ၂၀၁၆-၂၀၁၇
(အောက်တိုဘာ ၆ ရက်အထိ)       (အောက်တိုဘာ ၆ ရက်အထိ)
၁။                                  ပို့ကုန်                           ၇၂၃၂ ဒသမ ၄၈၃                         ၅၉၂၂ ဒသမ ၅၇၂
၂။                                 သွင်းကုန်                      ၉၂၇၂ ဒသမ ၇၉၄                         ၇၇၁၇ ဒသမ ၇၆၄
၃။                          ကုန်သွယ်မှုပမာဏ              ၁၆၅၀၅ ဒသမ ၂၇၇                      ၁၃၆၄၀ ဒသမ ၃၃၆
၄။                          ကုန်သွယ်မှုလိုငွေ                ၂၀၄၀ ဒသမ ၃၁၁                         ၁၇၉၅ ဒသမ ၁၉၂

Most Read

Most Recent