စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း MIC ထုတ်ပြန်

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း MIC ထုတ်ပြန်
Published 11 October 2017

MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်ငန်းစက်ရုံ တစ်ရုံအား တွေ့ရစဉ်

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနေဖြင့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေ ပုဒ်မ ၁၀၀ (ခ) အရ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရယူခဲ့ခြင်း မရှိဘဲ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့် လျှောက်ထားနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းများ အနေဖြင့် ယင်းအတည်ပြုမိန့် ရရှိသော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၅ ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို တင်ပြလျှောက်ထားနိုင်မည် မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ (ခ)၊ (ဂ) နှင့် (ဃ) ပါ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားခွင့်ရရှိလိုပါက တင်ပြလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ (ခ) တွင် ‘ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်’ ဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇(ဂ) တွင် ‘ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့် ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများ အပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ ပြန်လည် ထုတ်ပေးခွင့်’ ဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၇ (ဃ) တွင် ‘ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏ တိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခွင့်ပြုထားသည့်သက်တမ်း ကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊  စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်း မရှိသော တည်ဆောက်ရေး ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်’ ဟုပြဋ္ဌာန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာ ၁၀ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၈၄/၂၀၁၇) ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent