ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ကုန်သွယ်မှု ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခြင်း မရှိသေး

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ကုန်သွယ်မှု ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခြင်း မရှိသေး
Published 8 October 2017

နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသောကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ပျက်စီးသွားသော ကုန်စည်များအား တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မောင်တောနယ်စပ်မှ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်ကို တစ်ပြိုင်တည်း အင်အားသုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် သြဂုတ် ၂၅ ရက်မှစ၍ ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးသည် ယနေ့အထိ ပြန်လည်ကုန်သွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်ကတည်းက စတင်ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးသည် တစ်လကျော် ကြာသည့်တိုင် ပြန်လည်ကုန်သွယ်နိုင်ခြင်း မရှိသေးကြောင်း၊ ကုန်သည်များ လက်ထဲတွင် ချင်းအပါအဝင် ပို့ကုန်မော်တော်ရေယာဉ် အစင်း ၂၀ စာ ကျန်ရှိကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “သြဂုတ် ၂၅ ရက်ကစပြီးတော့ ကုန်သွယ်မှု ရပ်ဆိုင်းနေတာပေါ့။ ပိတ်ထားတာ မဟုတ်ပါဘူး။ ရပ်ဆိုင်းသွားတဲ့အခါ ဒီဘက်မှာ ကျန်နေခဲ့တာက ငါးမြစ်ချင်းနဲ့ ချင်းစိမ်းပေါ့။ ချင်းစိမ်းကလည်း တာရှည်ခံပစ္စည်းမှ မဟုတ်တာ။ ကြာလာရင်ပျက်စီးမယ်။ ပြီးရင် ဆန်။ ဆန်ကတော့ တာရှည်နည်းနည်းခံတယ်။ ပြီးရင် ငါးခြောက်ကျန်တယ်။ ငါးမြစ်ချင်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက် မပို့နိုင်တဲ့အတွက် စစ်တွေကို ပြန်ပို့ပြီး စစ်တွေကနေတစ်ဆင့် ပြန်ပို့ခဲ့ရတယ်။ ကွာလတီတော့ ကျသွားတယ်။ အဲဒါကိုတော့ ရှင်းထုတ်ပြီးပြီ။ အခုလက်ထဲမှာ ပိုက်မိနေခဲ့တာက ဒုတိယ အရေးကြီးဆုံးက ချင်းစိမ်း။ ချင်းစိမ်းကိုလည်း ဒီမှာ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်တာ၊ မဖွင့်တာ၊ ပြန်ပြီးတော့ အသက်ဝင်လာ၊ မဝင်လာ လက်ထဲမှာ ကျန်ခဲ့တဲ့ ပစ္စည်းလောက်တော့ ပို့ချင်တယ်။ ပို့ဖို့အတွက်လည်း ပြည်နယ်အစိုးရ စီမံဘဏ္ဍာဝန်ကြီးကို ပြောထားပါတယ်။ ဒါကိုလည်း ပြည်နယ်အစိုးရအနေနဲ့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ အဲဒီမှာ အဖြေတစ်ခု ရလာမယ်ဆိုရင် ပို့မယ်ဆိုရင် ပို့မယ်။ မပို့ဖြစ်ဘူး ဆိုရင်လည်း အဲဒီချင်းစိမ်းကို စစ်တွေပြန်ပို့ရပါမယ်” ဟု ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေး ရုတ်တရက် ရပ်ဆိုင်းသွားသည့်အတွက် ကုန်သည်များ လက်ထဲတွင် တစ်ဖက်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေသည့် ပို့ကုန်များဖြစ်သော ဆန်၊ ချင်း၊ ငါးခြောက်များ တင်ပို့ခွင့်ရရန် ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

“တစ်ဖက်နိုင်ငံမှာတော့ ပြဿနာမရှိဘူး။ အဲဒီဘက်က လက်မခံတာတို့၊ ဘာတို့ ဆိုတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရှင်းလို့ရတယ်။ အဓိက ဒီဘက်ကို ထွက်တဲ့အခါမှာ လှေမှာလိုက်တဲ့ လှေမောင်းတဲ့သူ၊ စက်ဆရာ၊ လှေသားနှစ်ဦး လိုက်ပါခွင့်ရဖို့လိုတယ်။ အဲဒါကို လုံခြုံရေးအမြင်အရ ပြည်နယ်အစိုးရအနေနဲ့ ခွင့်ပြုလို့ရရင်တော့ အဆင်ပြေသွားမယ်။ ဆန်၊ ချင်းစိမ်း၊ ငါးခြောက် စုစုပေါင်းမှ စက်လှေအစင်း ၂၀ စာလောက်ပဲရှိတယ်” ဟု ဦးအောင်မြင့်သိန်းက ပြောကြားသည်။

Most Read

Most Recent