မောင်တောဒေသ၌ အကောင်အထည်ဖော်မည့် ကညင်ချောင်းစက်မှုဇုန်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

မောင်တောဒေသ၌ အကောင်အထည်ဖော်မည့် ကညင်ချောင်းစက်မှုဇုန်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား
Published 24 September 2017

ရခိုင်ပြည်နယ်၊ မောင်တောဒေသ၌ အကောင်အထည်ဖော်မည့် ကညင်ချောင်း စက်မှုဇုန်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (ဒသမအကြိမ်) အခမ်းအနားတွင် ပြောကြားသည်။

“ရခိုင်ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကညင်ချောင်း စက်မှုဇုန်ကို ဖွင့်ပေးလိုက်ပြီ။ ကညင်ချောင်း စက်မှုဇုန်မှာ နိုင်ငံတော်အစိုးရက ရင်းနှီးမြှုပ်နှံမှုအတွက် ထည့်ဝင်သလို ပုဂ္ဂလိကတွေကလည်း အများကြီး ရင်းနှီးမြှုပ်နှံဖို့ လုပ်နေကြပါပြီ။ မကြာခင်မှာ ဒီဇုန်ဖွင့်တော့မယ်၊ ဒီဇုန်ဖွင့်ရင် ဒီဒေသမှာရှိတဲ့ ပြည်သူလူထုက အလုပ်အကိုင် အခွင့်အလမ်းတွေ ဝင်ငွေတွေ တိုးတက်လာတော့မယ်” ဟု ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။

မောင်တောဒေသတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ရှိနေသော်လည်း စက်တင်ဘာလကုန်ပိုင်းတွင် မောင်တော ကညင်ချောင်း စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် အစိုးရနှင့် အကောင်အထည်ဖော်ရေး ကုမ္ပဏီ MoU လက်မှတ် ရေးထိုးမည်ဟု သိရသည်။

အဆိုပါ မောင်တောစီးပွားရေးဇုန်သည် မောင်တောမြို့မှ နှစ်မိုင်ခန့်အကွာ ကညင်ချောင်းကျေးရွာအနီး ရေနက်ဆိပ်ကမ်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး စီးပွားရေးဇုန် အကောင်အထည်ပေါ်လာပါက မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှု တိုးတက်မြင့်မားလာမည့်အပြင် ဒေသခံ တိုင်းရင်းသားများလည်း ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

“မောင်တောစီးပွားရေးဇုန်ကို မောင်တောမြို့ ကညင်ချောင်းကျေးရွာနားမှာ ဧက ၁၀၀ နဲ့ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ အဓိကကတော့ မောင်တော အခြေစိုက်တဲ့ ကုမ္ပဏီတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ ရန်ကုန်ဘက်က ကုမ္ပဏီတွေ ပေါင်းပြီးတော့ Consortium ကုမ္ပဏီတစ်ခု ဖွဲ့ထားတာ ရှိပါတယ်။ အဲဒီကုမ္ပဏီနဲ့ အစိုးရနဲ့ ပေါင်းပြီးတော့ ဒီကုန်သွယ်ရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။ ပထမကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ ကုန်သွယ်မှုက တိုးမြင့်လာမယ့် အနေအထား ရှိပါတယ်။ ဒုတိယ တစ်ချက်က အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာပြီးတော့မှ ဒေသခံ တိုင်းရင်းသားတွေ ဝင်ငွေပိုမိုရရှိပြီးတော့မှ ဒေသတည်ငြိမ်အေးချမ်းမှုကို ပိုမို အကျိုးရှိမှာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီနဲ့ကတော့ ဒီစက်တင်ဘာ လကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ MoU ထိုးဖို့ ရှိပါတယ်။ ဆိုတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းကိုရော၊ စီးပွားရေးဇုန်ကြီး လည်ပတ်မှု အပိုင်းကိုရော ကုမ္ပဏီနဲ့ အစိုးရနဲ့ ပေါင်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

အဆိုပါ ကညင်ချောင်းကုန်သွယ်ရေးဇုန်ကို ယခင်အစိုးရ လက်ထက်ကတည်းက ငွေကျပ် သန်း ၁၀၀၀ ရင်းနှီးမြှုပ်နှံပြီး အဆောက်အအုံများ၊ ဆိပ်ခံတံတားများကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခု အစိုးရ လက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent