မြန်မာ့စီးပွားရေးဘဏ်က ဆောက်လုပ်ရေး လုပ်ငန်းရှင်များသို့ ကျပ် ၁၄၂ ဘီလျံ ထုတ်ချေးထားသည့်အပြင် နိုင်ငံတော်မှလည်း ကျပ်ဘီလျံ ၁၀၀ ဘဏ္ဍာရေး အထောက်အကူပြုထားပြီး လက်ရှိတွင် ကျပ်ဘီလျံ ၇၀၀ ထပ်မံထုတ်ချေးရန် ဆောင်ရွက်နေ

မြန်မာ့စီးပွားရေးဘဏ်က ဆောက်လုပ်ရေး လုပ်ငန်းရှင်များသို့ ကျပ် ၁၄၂ ဘီလျံ ထုတ်ချေးထားသည့်အပြင် နိုင်ငံတော်မှလည်း ကျပ်ဘီလျံ ၁၀၀ ဘဏ္ဍာရေး အထောက်အကူပြုထားပြီး လက်ရှိတွင် ကျပ်ဘီလျံ ၇၀၀ ထပ်မံထုတ်ချေးရန် ဆောင်ရွက်နေ
Published 24 September 2017

မြန်မာ့စီးပွားရေးဘဏ်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များသို့ ကျပ် ၁၄၂ ဘီလျံအထိ ထုတ်ချေးပေးထားသည့်အပြင် နိုင်ငံတော်မှလည်း ကျပ်ဘီလျံ ၁၀၀ ကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေး အထောက်အကူပြုထားရပြီး လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းကဏ္ဍ အသီးသီးသို့ ကျပ်ဘီလျံ ၇၀၀ ထပ်မံ ထုတ်ချေးပေးရန် ပြင်ဆင်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် ပြည်သူများ အိုးပိုင်၊ အိမ်ပိုင် ရရှိရေးအတွက် အိမ်ရာချေးငွေများ၊ ဆောက်လုပ်ရေးချေးငွေများ ထုတ်ချေးပေးရာတွင် ဘဏ်အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များသို့ ငွေကျပ် ၁၄၂ ဘီလျံ ထုတ်ချေးထားပြီး နိုင်ငံတော်ပိုင်း အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှတစ်ဆင့် လှည့်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်ဘီလျံ ၁၀၀ ကို ဆောက်လုပ်ရေးကဏ္ဍအတွက် ဘဏ္ဍာရေး အထောက်အကူပြုထားရသည်။

လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်က ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ကျပ်ဘီလျံ ၃၀ ကို အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့သည့် အပြင်ထပ်မံပြီး ငွေကျပ်ဘီလျံ ၃၀ ကို ထုတ်ချေးပေးရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ JICA မှ သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည်ချေးငွေအတွက် စီစဉ်ဆောင်ရွက်နေပြီး မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် နှစ်အလိုက် ချေးငွေ ကျပ် ဘီလျံ ၂၀၀၊ SMEs အတွက် နှစ်အလိုက်ချေး ငွေကျပ် ဘီလျံ ၂၅၀၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် နှစ်အလိုက်ချေးငွေ ကျပ်ဘီလျံ ၅၀၊ မြန်မာ့စီးပွားရေးဘဏ်ချေးငွေ ကဏ္ဍအတွက် နှစ်တိုချေးငွေကျပ် ဘီလျံ ၂၀၀ စုစုပေါင်း ငွေကျပ်ဘီလျံ ၇၀၀ အား ထုတ်ချေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် JICA ချေးငွေ အစီအစဉ်ဖြင့်ပင် တောင်သူလယ်သမားများထံ နှစ်လတ်ချေးငွေများ ထုတ်ချေးပေးရန် စတင်စီစဉ်နေပြီး မြန်မာ့စီးပွားရေးဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် SMEs လုပ်ငန်းများသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငွေကျပ်ဘီလျံ ၃၀ ကို ၂၀၁၅-၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထုတ်ချေးပေးခဲ့ကာ JICA မှ သက်သာသော နှစ်ရှည်ချေးငွေ ရယူပြီး SMEs များသို့ ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Two-Step Loan ချေးငွေအသွင်ဖြင့် နှစ်လတ် (သုံးနှစ်မှ ငါးနှစ်ထိ) ချေးငွေကျပ် ၅၇ ဘီလျံကို ထုတ်ချေးပေးခဲ့သည်။ လက်ရှိတွင် ဒုတိယအဆင့် အနေဖြင့် ငွေကျပ်ဘီလျံ ၁၈၀ ခန့် ချေးငွေများ ထုတ်ချေးပေးနိုင်ရန် JICA နှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခြင်း မရှိသဖြင့် ပြည်သူများ ဝယ်ယူမှု နည်းပါးနေသော ဆောက်လုပ်ရေး လုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိကကဏ္ဍတွင် အဆောက်အအုံသစ်များ တည်ဆောက်နိုင်မှု မရှိသည့်အပြင် ပြည်တွင်းဘဏ်များမှလည်း ငွေကျပ် နှစ်ထရီလျံကျော် ချေးယူထားရပြီး အခက်အခဲများ ဖြစ်ပေါ်နေသည်။ ထိုသို့ ပုဂ္ဂလိက ကဏ္ဍတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အခက်ကြုံနေသဖြင့် အစိုးရမှ ဖော်ဆောင်သည့် အိမ်ရာစီမံကိန်းများသို့ ဝင်ရောက်လုပ်ဆောင်ရာတွင်လည်း အစိုးရ စီမံကိန်းများသို့ ဝင်ရောက်လုပ်ကိုင်ပြီးသည့် ငွေကြေးများကို အချိန်မီ ပေးချေမှု မရှိသဖြင့် ထပ်ဆင့် အခက်ကြုံနေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။

Most Read

Most Recent