မြန်မာ့ဆန်ကို ပြည်ပမှ စာချုပ်ချုပ်ဆို ဝယ်ယူမှုများနေသဖြင့် ယခုနှစ်စပါးသစ်ပေါ်ချိန်တွင် နိုင်ငံခြားတင်ပို့နေသည့် ဆန်စပါးအမျိုးအစားများ၏ ကြမ်းခင်းဈေး ယခင်နှစ်ထက် ဈေးပိုမြင့်နိုင်ဟုဆို

မြန်မာ့ဆန်ကို ပြည်ပမှ စာချုပ်ချုပ်ဆို ဝယ်ယူမှုများနေသဖြင့် ယခုနှစ်စပါးသစ်ပေါ်ချိန်တွင် နိုင်ငံခြားတင်ပို့နေသည့် ဆန်စပါးအမျိုးအစားများ၏ ကြမ်းခင်းဈေး ယခင်နှစ်ထက် ဈေးပိုမြင့်နိုင်ဟုဆို
Published 22 September 2017

ဘုရင့်နောင်ဝင်းအတွင်းရှိ ဆန်ပွဲရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)

 

ပြည်ပမှ မြန်မာ့ဆန်ကို စာချုပ်ချုပ်ဆိုကာ ဝယ်ယူမှုများပြားနေသဖြင့် ယခုနှစ် စပါးသစ်ပေါ်ချိန်၌ နိုင်ငံခြားတင်ပို့နေသည့် ဆန်စပါးအမျိုးအစားများ၏ ကြမ်းခင်းဈေးမှာ ယခင်နှစ်များထက် ဈေးပိုမြင့်နိုင်ခြေရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များက ပြောကြားသည်။

“ဒီနှစ်စပါးသစ်ကြမ်းခင်းဈေးဟာ ယခင်နှစ်စပါးဈေးထက် တင်းတစ်ရာကို ကျပ် ၅၀၀၀၀ ဝန်းကျင် ပိုနိုင်ပါတယ်။ ကြမ်းခင်းဈေး မြင့်စရာအခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ စပါးသစ် စပေါ်ချိန် အလျင်စလို မရောင်းသင့်ပါဘူး။ မဖြစ်မနေရောင်းရမယ်ဆိုရင် မိမိတို့လိုအပ်ချက်ရှိသလောက်သာ ရောင်းချသင့်ပါတယ်။ ကျွန်တော့်အမြင်ကတော့ စပါးသစ် စပေါ်ပေါ်ခြင်း အပြိုင်အဆိုင် ဝယ်ကြမယ်လို့ထင်ပါတယ်” ဟု မန္တလေးမှ ဆန်ကုန်သည် ဦးစိုင်းကျော်က ပြောကြားသည်။

သို့သော် လာမည့်စပါးသစ်ပေါ်ချိန်၌ ကြမ်းခင်းဈေးမြင့်တက်လာနိုင်သည့် စပါးများသည် ပြည်တွင်းစားသုံးသော ဆန်စပါး ဈေးမဟုတ်ဘဲ နိုင်ငံခြားတင်ပို့သည့် ဆန်စပါး အမျိုးအစားများအား ခန့်မှန်းထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့  မြန်မာ့ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ထားကြောင်း၊ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းအထိတင်ပို့ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

“ဒီနှစ်ကတော့ ကျွန်တော်တို့က အကြမ်းဖျင်းအားဖြင့် ဆန်တန်ချိန် နှစ်သန်းလောက် တင်ပို့နိုင်မယ်မှန်းထားတယ်။ အခုက တစ်သန်းကျော်ပို့ပြီးပြီဆိုတော့ ဒီနှစ်ရဲ့ လျာထားချက်ဖြစ်တဲ့ နှစ်သန်းတော့ ပြည့်သွားနိုင်တယ်။ ဒီဆယ်စုနှစ်အတွင်း အများဆုံးတင်ပို့ တာဖြစ်လာနိုင်တယ်။ ဒီနှစ်ရဲ့ လျာထားချက်ကို ကျော်သွားနိုင်တယ်” ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်သုံးသိန်း တင်ပို့ရောင်းချရန် စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ Hilton Hotel တွင် နှစ်နိုင်ငံ G to G လက်မှတ် ရေးထိုးခဲ့သည်။

“အရင်တုန်းက အရင်အစိုးရလက်ထက်တုန်းက ဘင်္ဂလားဒေ့ရှ်ကိုတင်ဖူးတယ်။ ပုသိမ်ကနေ တန်ချိန်သုံးထောင်လောက် တိုက်ရိုက်သင်္ဘောတင်ဖူးတယ်။ ကြားမှာလည်း ပုဂ္ဂလိကအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို အနည်းငယ် ရောင်းတာရှိတယ်။ အစိုးရသစ်လက်ထက်မှာ G to G အနေနဲ့ ဒါပထမဆုံးအကြိမ်ပဲ။ ကျန်တဲ့တိုင်းပြည်တွေနဲ့ လက်မှတ်ထိုးတာတော့ မရှိသေးဘူး” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဆန်တင်ပို့မှု အနေအထားကိုလေ့လာကြည့်ပါက ၂၀၁၄- ၂၀၁၅ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းကျော်ဖြင့် အများဆုံး တင်ပို့ထားသည်။ ထို့ကြောင့် ယခုနှစ်အတွင်း တန်ချိန်နှစ်သန်းတင်ပို့ပါက ယခင်နှစ်များထက် ပိုမိုတင်ပို့ခြင်းဖြစ်ကာ ဆယ်စုနှစ်အတွင်း အများဆုံးတင်ပို့သည့် နှစ်ဖြစ်လာဖွယ်ရှိနေခြင်း ဖြစ်သည်။

ပြည်ပဈေးကွက် တိုးချဲ့ရရှိမှုကြောင့် ယခုဘဏ္ဍာနှစ် သြဂုတ်ပထမပတ်အထိ လေးလကျော်ကာလအတွင်း မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတန်ချိန်တစ်သန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်  ခြောက်သိန်းနှစ်သောင်းကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent