၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလဆန်းအထိ ပြည်ပသို့ CMP အထည်ချုပ်ပို့ကုန် တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၃၃၀ ကျော် ပိုမိုရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလဆန်းအထိ ပြည်ပသို့ CMP အထည်ချုပ်ပို့ကုန် တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၃၃၀ ကျော် ပိုမိုရရှိ
Published 16 September 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလဆန်းအထိ ပြည်ပသို့ CMP အထည်ချုပ် ပို့ကုန်များ တင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၃၃၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒီနှစ် လက်ရှိအချိန်အထိ ရရှိထားတဲ့ ပမာဏနဲ့ ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၃၃၆ ဒသမ ၄၁၆ သန်းလောက် ပိုမိုရရှိထားတယ်။ မနှစ်က ကာလတူက ဒေါ်လာ ၇၁၄ ဒသမ ၂၃၈ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း ပြည်ပသို့ အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ သုံးဘီလျံအထိ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ပို့ကုန် တင်ပို့မှုတွင် ယခင်က ဂျပန်ဈေးကွက်သို့သာ အများဆုံး တင်ပို့နေခဲ့ရာမှာ ယခုနှစ်အတွင်း ဥရောပဈေးကွက်မှာ အများဆုံး တင်ပို့နေရသည့် ဈေးကွက်ဖြစ်လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

“အရင်တုန်းက ဈေးကွက်ဆို ဂျပန်၊ အခု ဈေးကွက် အကြီးဆုံးက ဥရောပ၊ ဂျပန်က ဒုတိယ၊ အထည်ချုပ် တင်ပို့မှုကနေ ဒီနှစ် သုံးဘီလျံ မှန်းထားတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက်တင်ပြထားသည့် အဆိုပြုလွှာများတွင် အထည်ချုပ်လုပ်ငန်းများ အများအပြား ပါဝင်လျက်ရှိကာ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ရသည့် လုပ်ငန်းများတွင်လည်း အထည်ချုပ်လုပ်ငန်းများစွာ ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးမှုတွင် တစ်လလျှင် အကြမ်းဖျင်းအားဖြင့် အထည်ချုပ်စက်ရုံ လေးရုံမှ ငါးရုံအထိ ပါဝင်သည်။

“အထည်ချုပ်အော်ဒါတွေနဲ့ ပတ်သက်ရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေ ကောင်းနေတော့ အော်ဒါကောင်းတာပေါ့။ အော်ဒါကောင်းလို့ ရင်းနှီးမြှုပ်နှံမှု ကောင်းတာ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်ပပို့ကုန် တင်ပို့မှုတွင် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ ၂၇ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ၂၃ ရာခိုင်နှုန်း၊ CMP စနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုမှ ၁၆ ရာခိုင်နှုန်း၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ ရှစ်ရာခိုင်နှုန်း၊ ရေထွက်ပစ္စည်း တင်ပို့မှုမှ လေးရာခိုင်နှုန်းနှင့် သစ်တောထွက်ပစ္စည်း တင်ပို့မှု၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုနှင့် အခြားပစ္စည်းများ တင်ပို့မှုမှ ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent