သီလဝါ အထူးစီးပွားရေးဇုန် (A) ၌ လက်ရှိ လည်ပတ်နေသည့် ကုမ္ပဏီ ၃၄ ခုအထိရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ကုမ္ပဏီ ၆၀ ခန့် လည်ပတ်နိုင်မည်ဟုဆို

သီလဝါ အထူးစီးပွားရေးဇုန် (A) ၌ လက်ရှိ လည်ပတ်နေသည့် ကုမ္ပဏီ ၃၄ ခုအထိရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ကုမ္ပဏီ ၆၀ ခန့် လည်ပတ်နိုင်မည်ဟုဆို
Published 16 September 2017

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းရှိ စက်ရုံအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

သီလဝါ အထူးစီးပွားရေးဇုန် (A) တွင် လက်ရှိ လည်ပတ်နေသည့် ကုမ္ပဏီ ၃၄ ခုအထိရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် ကုမ္ပဏီ ၆၀ ခန့် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောကြားသည်။

“သီလဝါ အထူးစီးပွားဇုန်မှာ ဇုန် (A) က ၂၅ ရာခိုင်နှုန်းလောက် ဝင်လာပြီဆိုတော့ သိပ်မကြာခင် ထပ်ချဲ့မယ်။ လက်ရှိမှာတော့ ဇုန် (B) မှာ ၈၇ ကုမ္ပဏီရှိတယ်။ လောလောဆယ် လည်ပတ်နေတာ ၃၄ ရုံရှိတယ်။ ကျန်တာကတော့ ဆောက်လုပ်ရေး လုပ်နေကြတယ်။ ရင်းနှီးမြုပ်နှံမှုအနေနဲ့ ဒေါ်လာ ၁၀၇၁ သန်းလောက် ရှိတယ်။ နှစ်ကုန်လောက်မှာဆိုရင် ၆၀ လောက် လည်ပတ်နိုင်မယ်” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီ ၈၇ ခု စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီ ၃၂ ခု စီးပွားဖြစ် လည်ပတ်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှု များပြားခဲ့သည့် သီလဝါ အထူးစီးပွားရေး ဇုန် (A) ၏ အောင်မြင်မှုကြောင့် ဇုန် (B) ကို ဆက်လက်တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု တိုးချဲ့လိုက်သည့် ဇုန် (B) ၏ ပထမအဆင့်သည် ၁၀၁ ဟက်တာ (ဧက ၂၅၀) ရှိပြီး ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကာ အချို့မြေနေရာများကိုမူ ၂၀၁၇ ခုနှစ် နှောင်းပိုင်းခန့်တွင် ရင်းနှီးမြှုပ်နှံမည့်သူများကို စတင် ငှားရမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၇ ခုနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၈၄ ခုမှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် ရရှိပြီး ကုမ္ပဏီ ၆၉ ခုမှာ စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စီးပွားရေးနှင့် ပတ်သက်ပြီး ပထဝီ အနေအထားအရ မဟာဗျူဟာကျသည့် နေရာတွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သီလဝါ အထူးစီးပွားရေးဇုန်သည် အောင်မြင်သည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်ကို စံပြစီးပွားရေးဇုန်ဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုးချဲ့ တည်ဆောက်မည့် လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး စီမံထားရန် လိုအပ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။

Most Read

Most Recent