UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ခူဦးရယ် ပြန်လည်ဦးဆောင်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ယခင်အဖွဲ့ခေါင်းဆောင်ဖြစ်သူ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြန်လည်ဦးဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

UNFC ၏ဒုတိယအကြိမ် ညီလာခံကို ဇွန်လအတွင်းက ကျင်းပပြီးနောက် ညီလာခံသက်တမ်းအတိုင်း DPN အဖွဲ့ကိုဖွဲ့စည်းထားသဖြင့် ယခုကဲ့သို့ ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ UNFC ဒုတိယအကြိမ်ညီလာခံတွင် UNFC ၏အဓိကအရေးပါသော ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အပါအ၀င် အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခွင့်တောင်းခံထားသည့် လေးဖွဲ့အား နုတ်ထွက်ခွင့်ပြုလိုက်သဖြင့် DPN အဖွဲ့တွင်လည်း ပါဝင်သည့်လူပုဂ္ဂိုလ်များ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် DPN အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ၏အထွေထွေအတွင်းရေးမှူးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က ဦးဆောင်မည်ဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်အောင်မငေး၊ အဖွဲ့ဝင်များအဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှဗိုလ်မှူးကြီး စေအွန်၊ မွန်ပြည်သစ်ပါတီ (NMSP) မှ ဒေါက်တာနိုင်ရွှေသိန်း၊ ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဗိုလ်မှူးကြီးမင်းထွန်းနှင့် ဦးထွန်းဇော်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ နာဗစ်ဘို၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဗိုလ်မှူးကြီး ဘုန်းနိုင်နှင့် အမည်စာရင်းမတင်သွင်းသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှတစ်ဦး စုစုပေါင်းကိုးဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ဇူလိုင် ၃ ရက်၌ သတင်းဖော်ပြထားချက်အရ သိရသည်။

ထိုသို့ပြင်ဆင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ UNFC သက်ဆိုင်ရာ တာဝန်ရှိသူအချို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

ယင်းသို့ DPN ကိုပြင်ဆင်ဖွဲ့စည်းမည် ဖြစ်သော်လည်း အစိုးရနှင့် ဆွေးနွေးမှုအပိုင်း၌ အပြောင်းအလဲရှိမည်မဟုတ်ကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားထားသည်။

NCA တွင် ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် မတ် ၃ ရက်က စတုတ္ထအကြိမ် တွေ့ဆုံခဲ့ပြီး UNFC ၏အဆိုပြုချက်ကိုးချက်အပေါ် ဆွေးနွေးခဲ့ရာ နှစ်ဖက်လက်ခံနိုင်သည့် အချက်ကိုးချက်အား မူအားဖြင့်သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ တရားဝင်ငါးကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဧပြီ ၂၈ ရက်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး ဇွန် ၁၀ ရက်တွင် ချင်းမိုင်မြို့၌ပင် အလွတ်သဘောတွေ့ဆုံခဲ့ကာ ခြောက်ကြိမ်မြောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လဆန်းတွင် ကျင်းပရန် နှစ်ဖက်သဘောတူလျာထားသည်။

UNFC ၏ဒုတိယအကြိမ် ညီလာခံတွင် နုတ်ထွက်ခွင့်တောင်းခံထားသည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ‘၀’ အမျိုးသားအဖွဲ့ချုပ် (WHO)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ကိုလည်း နုတ်ထွက်ခွင့်ပြုခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင်အဖွဲ့ဝင်လေးဖွဲ့ နုတ်ထွက်ခွင့်ပြုလိုက်သဖြင့် လက်ရှိ၌ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စုစုပေါင်းငါးဖွဲ့သာ ကျန်ရှိတော့မည်ဖြစ်သည်။

” Eleven Interview” (ရုပ်သံအစီအစဉ်)

” လူငယ်အဆိုတော် ထက်ယံရဲ့ ဂီတလမ်းပေါ်ကဘ၀နဲ့ အချစ် ”

အခုတစ်ပတ်အစီအစဉ်မှာ အနုပညာသမားတစ်ဦးဖြစ်တဲ့ အဆိုတော် ထက်ယံရဲ့ ဘ၀ဖြတ်သန်းမှုတွေ၊ ဂီတဖန်တီးမှုတွေ၊ ပရိသတ်နဲ့သူ့ကြားက ရင်းနှီးနွေးထွေးမှုတွေအကြောင်းကို တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။

Profile (ရုပ်သံ အစီအစဉ်)

အနုပညာသက်တမ်း နှစ်ပေါင်း (၄၀) ကျော်ရှိပြီဖြစ်တဲ့ အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့ အကြုံ

” ငယ်စဉ်ကတည်းက မင်းသမီး ဖြစ်ချင်ခဲ့တဲ့ အကယ်ဒမီ မြင့်မြင့်ခိုင် ”

■ မောင်နှစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက ရုန်းကန်ခဲ့ရတယ်လို့ ဆိုသူ

■ အသက် ၁၃ နှစ်အရွယ်မှာ မဂ္ဂဇင်း မျက်နှာဖုံးတွေကို စရိုက်ခဲ့တဲ့ သူမ

■ ပွင့်ချိန်တန်လျှင် ရုပ်ရှင်ဇာတ်ကားဟာ သူမရဲု့ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား

■ အနုပညာသက်တမ်း (၂၄)နှစ်မှာ အကယ်ဒမီဆုကို ရရှိခဲ့တဲ့သူ

■ ယုံကြည်ချက်များစွာနဲ့ အနုပညာ အလုပ်တွေကို ဆက်လုပ်သွားမယ်ဆိုတဲ့ အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်မှာ တင်ဆက်ပေးထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီကို သစ္စာခံမည့် ကမ္ဘာ့အဆင့်မီစစ်တပ်တစ်ခု ဖြစ်လာရန် လိုအပ်ကြောင်း သမ္မတ ရှီကျင်းပင် ပြော

တရုတ်ကွန်မြူနစ်ပါတီကို သစ္စာခံပြီး ကျူးကျော်လာမယ့် ရန်သူအားလုံးကို ချေမှုန်းနိုင်မယ့် စစ်တပ်တစ်ခုလိုအပ်တယ်လို့ သမ္မတရှီကျင်းပင်က ဇူလိုင်လ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ်နှင့် ပြည်သူတို့၏ သဘောထား

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် နိုင်ငံတစ်နိုင်ငံ၌ ပြည်သူတို့၏ အသံများသည် မည်သည့်ဥပဒေပြုမှုမျိုးမဆို မည်သည့်မူဝါဒချမှတ်မှုမျိုးမဆို၌ အဓိက အချက်အချာဖြစ်သည်။ အာဏာရှင်စနစ်က မည်ရွေ့မည်မျှ ပါဝင်သည်ဆိုသည်နှင့် မဆိုင်ဘဲ လူ့အဖွဲ့အစည်းအားလုံးတွင် ပြည်သူများ၏ တုံ့ပြန်ချက်က လွှမ်းမိုးသည်ဟု ဆိုသော်လည်း ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင်မူ ယင်းအချက်က မရှိမဖြစ် အမှန်တရားဖြစ်သည်။ သို့သော် ပြည်သူ့သဘောထားက အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်းဟူသည်ကို ဦးစွာသိမြင် နားလည်နိုင်ရေးသည် အရေးကြီးသည်။ ပြည်သူ့သဘောထား (Public Opinion) ဟူသည့် အသုံးအနှုန်းသည် ၁၇ ရာစုတွေးခေါ်ရှင် ဂျွန်လော့က်၏ အတွေးအခေါ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ သို့သော် အသုံးအနှုန်းကိုယ်တိုင်က ဂျွန်လော့က်ထက် ရှေးကျပြီး Vox Populi (ပြည်သူတို့၏ အသံ) ဟူသည့် လက်တင်သဘောတရားက ဦးစွာရှိခဲ့သည်။ ယနေ့ခေတ်၌ ပြည်သူ့သဘောထားကို နိုင်ငံရေးအကြောင်းအရာများ၊ မူဝါဒများ၊ အင်စတီကျူးရှင်းများနှင့် တစ်ဦးချင်း အခန်းကဏ္ဍများအပေါ် ပြည်သူများက ဖော်ပြသည့် စုစုပေါင်း အသားတင် အကဲဖြတ်ချက်များဟု အဓိပ္ပာယ်သတ်မှတ်သည်။

သို့သော် ပြည်သူ့သဘောထားနှင့် ဖိအားပေးသော အဖွဲ့များအကြား ကွဲပြားခြားနားချက်ကို နားလည်ရန်လည်း အရေးကြီးသည်။ နိုင်ငံသားများအကြား၌ ရှိနေသော သဘောထားများကို အပြုသဘောဆောင်သော လေ့လာမှုများ ပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏ သဘောထားသည် မူဝါဒများကို ပြောင်းလဲစေနိုင်သည်။ ဖိအားပေးသောအုပ်စုများ၏ လုပ်ဆောင်ချက်မှာမူ မူဝါဒချမှတ်သူများနှင့် တိုက်ရိုက် အပြန်အလှန် ဆက်ဆံခြင်းမှတစ်ဆင့် မူဝါဒများကို ပြောင်းလဲစေခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများသည်သာ နိုင်ငံရေးအာဏာ၏ အဆုံးစွန်သော ရင်းမြစ်ဖြစ်သောကြောင့် ပြည်သူ့သဘောထားသည် ဒီမိုကရေစီစနစ်၌ အရေးကြီးဆုံးဖြစ်သည်။ သဘောတရားအရ အစိုးရအဖွဲ့ဝင်တစ်ဦးသည် အနာဂတ်တွင် လုပ်ဆောင်မည့် လမ်းကြောင်းတစ်ရပ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရန် ပြည်သူ့သဘောထားကို ရယူရသည်။ နိုင်ငံရေးသမားများ အနေဖြင့် အမြဲတမ်းပြည်သူများက အလိုရှိသည်ကို လုပ်ပေးရမည်ဟု မဆိုလိုသော်လည်း နိုင်ငံ၏ ပြည်သူအများစု မကျေမနပ်ဖြစ်မည့် ကိစ္စများကိုမူ ဂရုစိုက်ရှောင်ရှားရန် လိုအပ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့သဘောထားအရ အကောင်းမြင်ခံရသည့် တစ်စုံတစ်ရာသော အဆင့်ကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ ပြည်သူ့သဘောထားကို လူထုမီဒီယာများနှင့် အခြားသော ရင်းမြစ်များမှတစ်ဆင့် တိုင်းတာနိုင်ပြီး နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့၏အနေအထားကို မူလအတိုင်း ထိန်းသိမ်းထားနိုင်ရန် လိုအပ်သည်။

သို့သော် ပြည်သူ့သဘောထားကို ကောင်းမွန်သည့်ဘက်သို့ရောက်အောင် ပုံသွင်းနိုင်ရေးသည်လည်း အရေးကြီးသည်။ လူ့အဖွဲ့အစည်းဟူသည် ယင်း၌ပါဝင်သူများ အားလုံးကိုယ်စီ ထပ်တူညီမျှ ကျနေသည်ကား မဟုတ်ပေ။ လူ့အဖွဲ့အစည်းတစ်ရပ်ကို လူအမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၌ ပါဝင်သူ အသီးသီးသည်လည်း လူအဖြစ် နေထိုင်လုပ်ကိုင်ရာတွင် မတူညီသည့် စိန်ခေါ်မှုများကို ကိုယ်စီရင်ဆိုင်ကြရသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းဝင်များ၏ လောကအမြင်များသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမည်သာဖြစ်သည်။ ယင်းကဲ့သို့ ကွဲပြားခြားနားသော အမြင်များကြောင့် ဆန့်ကျင်ဖက်ပြိုင်နေသော သဘောထားများသည် လူမှုရေးနယ်ပယ်မှသည် နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် နိုင်ငံတစ်နိုင်ငံဟူသည် အဖွဲ့ဝင်များ၏ သဘောတူညီမှုများအပေါ်၌ တည်ဆောက်ထားသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ပြည်သူများ၏ စုစုပေါင်း အသားတင်ဆန္ဒဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲထားကြခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ရေရှည်ရပ်တည်နိုင်ရေး အတွက် ဥပဒေများနှင့် မူဝါဒများ ချမှတ်ကျင့်သုံးမှုသည် ပြည်သူ့သဘောထားအပေါ်၌သာ အခြေခံရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

ဥပဒေပြင်ဆင်ရေးများနှင့် လွှတ်တော်၏ အခန်းကဏ္ဍ

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းရန် ပြဋ္ဌာန်းထားသကဲ့သို့ ထိန်းကျောင်းမှု အားကောင်းရေးအတွက် သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမှာ အဓိကကျလျက် ရှိပါသည်။ တစ်နည်း ဆိုရသော် လွှတ်တော်ကော်မတီများသည် လွှတ်တော်အသီးသီးအတွက် အရေးကြီးသော လွှတ်တော်၏ ကိုယ်ပွား အဓိက မောင်းနှင်အားများဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံအတွက် လွှတ်တော် သို့မဟုတ် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍမှာ အရေးပါနေခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေး ပြန်လည်ကျင်းပချိန်တွင် “ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး ကာလဟာ စတင်ခါစဖြစ်ပြီး များစွာ နုနယ်တဲ့ အခြေအနေမှာ ရှိပါသေးတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ ရှိနေဖို့ များစွာ ကြိုးပမ်းအားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားကြရဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေအကြား ဒီမိုကရေစီ အလေ့အကျင့်တွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေး ရရှိရန် တာဝန်နဲ့ ၀တ္တရားလည်း ရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များက စံနမူနာပြ ကျင့်ကြံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာဖို့အတွက် အပြောင်းအလဲဟာ ဆက်လက်ဆောင်ရွက်ကြရမယ့် Process အဖြစ် ခံယူထားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ဒီမိုကရေစီ အခွင့်အရေးများ ရရှိပြီး လူမှုစီးပွားဘ၀ မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားကြပါစို့” ဟူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားထားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကာ သတ်မှတ်ချက်များနှင့်အညီ ပါဝင်သော ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် စသည်ဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပရသော လွှတ်တော်အစည်းအဝေးများသည် ဥပဒေပြုရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။ ၎င်းအပြင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင်လည်း ဥပဒေပြုရေး အာဏာသည် တစ်ခု အပါအ၀င် ဖြစ်သည်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုပြီး အဆိုပါ နိုင်ငံတော် အာဏာသုံးရပ်ကို ပြည်ထောင်စု၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းထားသည်။ နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေး အာဏာကို ခွဲဝေအပ်နှင်းထားသည်။

လတ်တလောတွင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အဖွဲ့အစည်းများ အနေဖြင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ကြောင်း အပါအ၀င် လိုအပ်သော ဥပဒေ ပြင်ဆင်ခြင်း၊ ဥပဒေဆိုင်ရာ လိုအပ်ချက်များအပေါ် ထောက်ပြပြောဆိုခြင်းများ ပြုလုပ်လျက် ရှိနေပြီ ဖြစ်သည်။ သို့ပါ၍ ဥပဒေပြုရေး အခန်းကဏ္ဍ၌ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန် အပြောင်းအလဲ လုပ်ဆောင်နိုင်ရေးမှာ အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

လူတိုင်းအတွက် ခေါင်းဆောင်မှု အရည်အသွေး

“ထူးချွန်သော ခေါင်းဆောင်များသည် မွေးဖွားလာခြင်းဖြစ်သည်။ လုပ်ယူ၍မရ” ဟုပြောလေ့ရှိကြသည်။ တစ်စုံတစ်ရာသော အတိုင်းအတာအထိ ထူးချွန်သော ခေါင်းဆောင်မှုစွမ်းရည်သည် မွေးရာပါဖြစ်သည်။ သို့သော်ပိုမိုထိရောက်သော ခေါင်းဆောင်တစ်ဦးဖြစ်အောင် လေ့လာသင်ယူမှုသည် လူတိုင်းလက်လှမ်းမီနိုင်သောအရာဖြစ်သည်။ ထူးချွန်သော ခေါင်းဆောင်တစ်ဦးဖြစ်အောင် လေ့လာလေ့ကျင့်နိုင်သည့် အရည်အသွေးအချို့ရှိသည်။

မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း- ထိရောက်သောခေါင်းဆောင်များသည် အချိန်ပိုင်းအလိုက် မိမိတို့၏ တစ်ဦးချင်းဆိုင်ရာ အားသာချက်များနှင့် အားနည်းချက်များကို လေ့လာသုံးသပ်ရမည်ဖြစ်သည်။ “ငါက ဘယ်လိုလုပ်ရတာကြိုက်သလဲ”၊ “ငါတကယ် ထူးချွန်တာက ဘယ်နေရာမှာလဲ”၊ “ဘယ်နေရာတွေမှာ ငါအားနည်းသလဲ” နှင့် “ဘယ်လိုလုပ်ရတာ ငါမကြိုက်ဘူးလဲ” အစရှိသောမေးခွန်းများကို မိမိကိုယ်မိမိ မေးကြည့်ရမည်ဖြစ်သည်။ မိမိ၏အားနည်းသော နေရာများကို သိခြင်းသည် မိမိကိုအားနည်းစေမည်မဟုတ်။ မိမိအားနည်းသည့်နေရာ၌ အရည်အသွေးရှိသူများကို တာဝန်ပေးခြင်းဖြင့် အလိုရှိရာပန်းတိုင်ကို ရယူနိုင်သည်။ ထူးချွန်သော ခေါင်းဆောင်များသည် မိမိအနေဖြင့် အရာအားလုံးကို လုပ်နိုင်သည်ဟူသော မှားယွင်းသော ယုံကြည်ချက်ကို ဆုပ်ကိုင်ထားမည့်အစား အခြားသူတို့၏ အရည်အသွေးများ၊ ကျွမ်းကျင်မှုများကို အစပ်အဟပ်တည့်အောင် ထည့်သွင်းအသုံးပြုကြသည်။ မိမိအားနည်းသော နေရာများနှင့် ပတ်သက်၍ ကောင်းစွာစီမံနိုင်ခြင်းက မိမိ၏ခေါင်းဆောင်မှု အရည်အသွေးကို ပိုမိုတိုးတက်စေပြီး အခြားသူများက မိမိအား ပို၍လူသားဆန်ကြောင်း သိမြင်သွားစေသည်။

ထက်မြက်သော သိမြင်မှုရှိခြင်း-အခြားသူများက မိမိအပေါ် အမှန်တကယ် မည်သို့ထင်မြင်ထားသနည်းဟူသည်ကို သိရှိရန်လိုသည်။ ထိရောက်သော ခေါင်းဆောင်များသည် ယင်းကိုသိရှိကြသည်။ ခေါင်းဆောင်ကောင်းများသည် ၎င်းတို့၏အဖွဲ့များ၊ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရိုးသားသည့် သက်သောင့်သက်သာရှိသော ဆက်ဆံရေးရှိကြသည်။ ၎င်းတို့မိမိအပေါ် မည်သို့ထင်မြင်သည်ကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်ကြသည်။ မိမိနှင့်ပတ်သက်၍ အခြားသူများ၏ ထင်မြင်မှုကို စမ်းသပ်ခြင်းသည် ၎င်းတို့၏အပြုအမူများကို လေ့လာရသကဲ့သို့ပင် ရိုးရှင်းမှုရှိနိုင်သည်။ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် မိမိ၏အဖွဲ့ဝင်များသည် မိမိအနီး၌ သက်သောင့်သက်သာ ရှိနေသလား သို့မဟုတ် မိမိအခန်းထဲသို့ ၀င်လာသည်နှင့် အားလုံးပါးစပ်ပိတ်ကာ တိတ်ဆိတ်သွားသလား ဟူသည့်အချက်က အရေးကြီးသည်။ လူအများမည်သို့ထင်မြင်သနည်းဟူသည်ကို အမှန်တကယ်သိလိုလျှင် ၎င်းတို့အား မေးရန်သာရှိသည်။ မိမိအနေဖြင့် ရိုးသား၍ ပွင့်လင်းသော ဆက်ဆံရေးဝန်းကျင်တစ်ရပ်ကို ထူထောင်ထားနိုင်ပါက မိမိ၏ကောင်းသော အရည်အသွေးများနှင့် မိမိအနေဖြင့် တိုးတက်အောင်ပြုလုပ်ရန် လိုအပ်နေသော နေရာများအကြောင်း ၎င်းတို့ကိုမေးမြန်းနိုင်သည်။ မိမိ၏ယင်းကဲ့သို့ အားထုတ်မှုကို အခြားသူများက လေးစားချီးမွမ်းကြမည်ဖြစ်သည်။
အဖွဲ့၏လိုအပ်ချက်များအပေါ် တုံ့ပြန်ခြင်း-အထက်ဖော်ပြပါ သိမြင်မှုများသည် အဖွဲ့၏လိုအပ်ချက်များကို သိရန်အတွက်လည်း အထောက်အကူပြုသည်။ အချို့အဖွဲ့များသည် ဖန်တီးနိုင်မှုအပေါ် ယုံကြည်တန်ဖိုးထားပြီး အချို့ကပွင့်ပွင့်လင်းလင်း ဆက်ဆံသူများနှင့် စည်းရုံးရေးကောင်းသူများကို ပို၍သဘောကျတတ်သည်။ တစ်ဦးချင်း၏ တန်ဖိုးထားမှုများနှင့် ရည်မှန်းချက်များအပြင် ၎င်းတို့၏ခေါင်းဆောင်အဖြစ် မိမိထံမှ ၎င်းတို့ အလိုရှိသောအရာကို သိမြင်ပါက ခိုင်မာအားကောင်းသော အဖွဲ့တစ်ဖွဲ့ကို ပို၍လွယ်ကူစွာ တည်ဆောက်နိုင်လိမ့်မည်ဖြစ်သည်။

မိမိ၏အဖွဲ့အစည်းကို သိရှိခြင်း-ထိရောက်သော ခေါင်းဆောင်များသည် အဖွဲ့အစည်း၏ လွှမ်းခြုံသဘော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကိုသိရှိပြီး ယင်းရည်မှန်းချက်များကိုရယူရန် သဘောတူထားသော ဗျူဟာများကိုလည်း သိမြင်ကြသည်။ ၎င်းအပြင် မိမိတို့၏အဖွဲ့ကို ကြီးမားသောကိစ္စရပ်ကြီးတစ်ခုအတွင်း မည်သို့အံဝင်အောင် ပြုလုပ်ရမည်ကိုလည်းကောင်း၊ မိမိအဖွဲ့အစည်း ကြီးထွားတိုးတက်ရေး၌ အထောက်အကူပြုမည့် ၎င်းတို့လုပ်ဆောင်နေရသည့် အစိတ်အပိုင်းကိုလည်းကောင်း သဘောပေါက်ကြသည်။ မိမိ၏အဖွဲ့အစည်းနှင့် ပတ်သက်၍ အတွင်းအပြင်မကျန် အပြည့်အ၀ သိမြင်ခြင်းသည် ထိရောက်သော ခေါင်းဆောင်တစ်ဦးဖြစ်လာရန်အတွက် အရေးအကြီးဆုံးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူအများကို ဦးဆောင်လုပ်ကိုင်နေရသည့် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ခေါင်းဆောင်မှုအရည်အသွေးကို အမြဲတစေ တိုးတက်အောင် ပြုလုပ်နေရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ (၂၃) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

သက်သေအထောက်အထားအခြေပြု ဆေးပညာ

သက်သေအထောက်အထားအခြေပြု ဆေးပညာ (EBM) ဟူသည် ကောင်းစွာရေးဆွဲပြီး ကောင်းစွာဆောင်ရွက်ထားသည့် သုတေသနများမှနေ၍ရရှိသော အထောက်အထားများ အသုံးပြုမှုကို အထူးပြုလျက် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ထားသည့် ဆေးပညာဆိုင်ရာ ကျင့်ထုံးတစ်ရပ်အား ချဉ်းကပ်ပုံဖြစ်သည်။

သိပံ္ပပညာအပေါ် အခြေပြုထားသည့် ဆေးပညာအားလုံးတွင် လက်တွေ့မျက်မြင် အထောက်အပံ့က တစ်စုံတစ်ရာသော အတိုင်းအတာအထိရှိသော်လည်း EBM သည် အသိအမြင် သဘောတရားများ၏စွမ်းအားဖြင့် သက်သေအထောက်အထားများကို အမျိုးအစားခွဲခြားခြင်းနှင့် အခိုင်အမာဆုံး အမျိုးအစားများအပေါ်၌သာ အခြေပြုခြင်းဟူ၍ ပိုမိုနက်ရှိုင်းမှုရှိသည်။

ကျယ်ပြန့်သော သုံးသပ်မှုများ၊ စနစ်ကျသောသုံးသပ်မှုများနှင့် လိုအပ်သလို ထိန်းချုပ်စမ်းသပ်မှုများမှနေ၍ ခိုင်မာသောအကြံပြုချက်များ ရယူနိုင်သကဲ့သို့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်လေ့လာမှုကဲ့သို့သော အားနည်းသည့် အမျိုးအစားမှနေ၍လည်း ခိုင်မာမှုနည်းပါးသည့် အကြံပြုချက်များကို ရယူနိုင်သည်။

မူလက EBM ဟူသည့်အသုံးအနှုန်းကို ဆေးကုသမှုများအား သင်ကြားရေးကို ချဉ်းကပ်မှုတစ်ရပ်အဖြစ်နှင့် ဆရာဝန်တစ်ဦးချင်းအနေဖြင့် လူနာတစ်ဦးချင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမျတ်ရာ၌ ပိုမိုတိုးတက်မှုရှိစေသော ချဉ်းကပ်မှုတစ်ရပ်အဖြစ် သုံးစွဲခြင်းဖြစ်သည်။

ယင်းနောက် EBM ဟူသည့်အသုံးအနှုန်းသည် ကျယ်ပြန့်၍လာပြီး လူနာအုပ်စုများနှင့် သက်ဆိုင်ရာ လူအုပ်စုများနှင့်ပတ်သက်၍ ကျင့်သုံးရန်လမ်းညွှန်ချက်ရေးရာနှင့် မူဝါဒရေးရာဒီဇိုင်းများ၌ သက်သေအထောက်အထားများ သုံးစွဲမှုကို အဓိကထားသော ချဉ်းကပ်ပုံတစ်ရပ်အဖြစ်သို့ ချဲ့ထွင်လိုက်ကြသည်။ သက်သေအထောက်အထားအခြေပြု မူဝါဒကျင့်သုံးမှုများဟုခေါ်ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အဆင့်အဆင့်အပြင် အခြားနယ်ပယ်များကိုပါ လက်တွေ့ကျကျ အသုံးပြုသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ ချဉ်းကပ်ပုံတစ်ရပ်အဖြစ်လည်း ကျယ်ပြန့်၍လာသည်။ သက်သေအထောက်အထားအခြေပြု လုပ်ထုံးလုပ်နည်းဟုခေါ်ဆိုသည်။

ဆေးပညာဆိုင်ရာပညာရေး၌ဖြစ်စေ လူတစ်ဦးချင်းစီ၊ လမ်းညွှန်မှုများနှင့် (လူအုပ်စုများ သို့မဟုတ် ကျန်းမာရေးဌာနများအား အုပ်ချုပ်မှု၌ ကျင့်သုံးသည့်) မူဝါဒများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ၌ဖြစ်စေ သက်သေအထောက်အထားအခြေပြု ဆေးပညာက ဆုံးဖြတ်ချက်များနှင့် မူဝါဒများအနေဖြင့် ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် အုပ်ချုပ်သူများ၏ ယုံကြည်မှုသက်သက်အပေါ် အခြေမခံဘဲ သက်သေအထောက်အထားများအပေါ် ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ အခြေခံသင့်သည်ဟု အကြံပြုထားသည်။ ထို့ကြောင့် EBM သည် သိမှုဆိုင်ရာကွာဟချက်များ သို့မဟုတ် ဘက်လိုက်မှုများကြောင့် အကန့်အသတ်ရှိနိုင်သည့် ဆေးကုသမှုပေးသူတစ်ဦး၏ ထင်မြင်ချက်အား သိပံ္ပနည်းကျစာတမ်းများမှ ရရှိနိုင်သော သိမှုအချက်အလက်များဖြင့် ဖြည့်စွက်ပေးသည်။ ထို့ကြောင့် အကောင်းဆုံးကုသမှုကို ဆုံးဖြတ်ကျင့်သုံးနိုင်စေသည်။ EBM သည် သက်သေအထောက်အထားများကို သုံးသပ်သည့် နည်းလမ်းများကို ဖော်ပြခြင်းနှင့် အချက်အလက်များကို အသုံးပြုခြင်းတို့အား မြှင့်တင်ပေးကာ ဆုံးဖြတ်ချက်ချရမည့် လူများအတွက် လက်လှမ်းမီစွာ ရရှိနိုင်စေသည်။ EBM က ဆေးကျောင်းသားများ၊ ဆရာဝန်များနှင့် မူဝါဒချမှတ်သူများကို စနစ်ကျသည့်နည်းလမ်းများ သင်ကြားနိုင်မည့် အစီအစဉ်များကို တိုးတက်စေသည်။

မည်သို့ပင်ဆိုစေကာမူ ဆေးပညာဆိုင်ရာ ကျင့်သုံးမှုများအနေဖြင့် သက်သေအထောက်အထားများအပေါ်၌သာ ဖြစ်နိုင်သမျှ အခြေပြုသင့်ပြီး တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့၏ ထင်မြင်ချက်များအပေါ်၌ အခြေပြုရန် မသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ (၂၅) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

အရေးပေါ်ကိစ္စရပ်များဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု

အများပြည်သူဆိုင်သော အရေးပေါ်ကြုံတွေ့ရသည့် ဖြစ်ရပ်များ၊ ပြဿနာများအတွက် စနစ်ကျသော နည်းလမ်းတကျ တုံ့ပြန်ဆောင်ရွက် ဖြေရှင်းပေးနိုင်မှုများ အလျင်အမြန် လုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။

အချို့သောဖြစ်ရပ်များမှာ ကြိုတင်ပြင်ဆင်နိုင်သော ကိစ္စရပ်များဖြစ်ပြီး အချို့သောကိစ္စများမှာမူ မမျှော်လင့်ဘဲ ရုတ်တရက်ကြုံတွေ့လာရချိန်တွင်မှ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ရခြင်းမျိုးဖြစ်ရာ မည်သို့သောကိစ္စရပ်တွင်မဆို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ကြိုတင်သတ်မှတ်ချက်များနှင့် မူဝါဒများ ချမှတ်ထားရန်မှာ အရေးကြီးပါသည်။

မြန်မာနိုင်ငံတွင် လတ်တလော တွေ့ကြုံနေရသော ကိစ္စများစွာအနက် သာဓကအားဖြင့်ဆိုရသော် သုံးဦးအထိ သေဆုံးမှုဖြစ်လာသည့် H1N1 ၀က်တုပ်ကွေးရောဂါကဲ့သို့ ကျန်းမာရေးဆိုင်ရာပြဿနာနှင့် မုတ်သုံလေအားကောင်းမှုနှင့်အတူ ပေါ်ပေါက်နေသော ရေကြီးရေလျှံမှုပြဿနာများမှာ မူဝါဒခိုင်ခိုင်မာမာချမှတ်၍ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရေးကြီးသောကိစ္စများဟု ဆိုနိုင်ပါသည်။

ရာသီတုပ်ကွေးရောဂါကြောင့် ကျန်းမာရေး ဆေးကုသမှုခံယူသူများအနက် တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် ဇူလိုင် ၂၅ ရက်တွင် ဆေးရုံတက်ကုသနေသူနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း တရားဝင်သတင်းများအရ သိရသည်။

ဇူလိုင် ၂၄ ရက်တွင်သေဆုံးသူမှာ ချင်းပြည်နယ် မတူပီမြို့မှ လူနာတစ်ဦးဖြစ်ပြီး တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခြင်းဖြစ်သည်။ ထပ်မံသေဆုံးသူနှစ်ဦးမှာ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသော အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ပြီး သေဆုံးသူများမှာ ရာသီတုပ်ကွေးလက္ခဏာများကြောင့် ဆေးကုမှုခံယူနေသည်မှာ ရက်ပိုင်းမျှသာရှိသေးကာ H1N1 Positive ဖြင့်သေဆုံးခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။

ထို့ကြောင့် H1N1 နှင့်ပတ်သက်၍ မလိုလားအပ်ဘဲ အစိုးရိမ်လွန်ခြင်း ထိတ်လန့်တကြားဖြစ်ခြင်းမျိုးထက် ထိရောက်မှန်ကန်သည့် သတိပြုလိုက်နာနိုင်ရန် သတင်းအချက်အလက်များ၊ သိသင့်သိထိုက်သည်များ လျင်လျင်မြန်မြန်တုံ့ပြန် ထုတ်ပြန်နိုင်ရေးမှာ အရေးကြီးလျက်ရှိပါသည်။ ၎င်းအပြင် ရောဂါကူးစက်ပျံ့နှံ့မှုကို တတ်နိုင်သမျှ တားဆီးကာကွယ်ရန် လုပ်ငန်းစဉ်များလည်း လျင်လျင်မြန်မြန် ချမှတ်လုပ်ဆောင်နိုင်ရန် လိုအပ်သည်။

အလားတူပင် လတ်တလောကာလသည် မုတ်သုံလေအားကောင်းမှုနှင့်အတူ ဒီရေထရက်များနှင့် တိုက်ဆိုင်နေသည့် အနေအထားများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်သည့် အနေအထားနှင့်ပတ်သက်၍ သတိပြုနိုင်ရန် ကြိုတင်သတိပေးချက်၊ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစီအမံများ စနစ်တကျလုပ်ဆောင်နိုင်ရန် လိုအပ်ပါသည်။

မည်သို့သောကိစ္စရပ်တွင်မဆို ကြိုတင်သတိပြု ပြင်ဆင်နိုင်သည့် အခြေအနေများ၊ အနေအထားများရှိသကဲ့သို့ ကြိုတင်မမျှော်လင့်နိုင်သော ရုတ်တရက်ပေါ်ပေါက်တတ်သည့် အနေအထားများလည်းရှိရာ လိုအပ်ချက်များနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ လျင်လျင်မြန်မြန် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မှန်ကန်သည့် မူဝါဒနှင့် စီမံခန့်ခွဲမှုများ၏ အခန်းကဏ္ဍမှာ အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ (၂၆) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

လော်ဂျစ်စတစ်ဟူသည်

လော်ဂျစ်စတစ် (Logistics) ဟူသည် အထွေထွေသဘောအရ ရှုပ်ထွေးသော လုပ်ငန်းတစ်ရပ်နှင့် ပတ်သက်၍ ဖွဲ့စည်းမှုနှင့် အကောင်အထည်ဖော်မှုတို့အား အသေးစိတ် ချမှတ်ရေးဆွဲထားမှုဖြစ်သည်။ အထွေထွေလုပ်ငန်းသဘောအရ လော်ဂျစ်စတစ်သည် စားသုံးသူများ သို့မဟုတ် ကော်ပိုရေးရှင်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် မူလစမှတ်နှင့် နောက်ဆုံးသုံးစွဲသည့် အမှတ်အကြား စီးဆင်းသောအရာရာကို စီမံခန့်ခွဲမှုဖြစ်သည်။ လော်ဂျစ်စတစ်တွင် စီမံခန့်ခွဲရသည့် ရင်းမြစ်များ၌ စားနပ်ရိက္ခာ၊ အရာဝတ္ထုပစ္စည်း၊ တိရစ္ဆာန်၊ ကိရိယာတန်ဆာပလာနှင့် အရည်များကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများ ပါဝင်သကဲ့သို့ အချိန်နှင့် အချက်အလက်များ ကဲ့သို့သော ဒြပ်မဲ့အရာများလည်း ပါဝင်သည်။ ရုပ်ဝတ္ထုပစ္စည်းများဆိုင်ရာ လော်ဂျစ်စတစ်တွင် အချက်အလက်များ စီးဆင်းမှုဆိုင်ရာ ပေါင်းစပ်မှု၊ ရုပ်ဝတ္ထုပစ္စည်းများအား ကိုင်တွယ်မှု၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ တီထွင်မှု၊ ပို့ဆောင်မှု၊ သိုလှောင်မှုတို့အပြင် လုံခြုံရေးကိစ္စလည်း ပါဝင်တတ်သည်။

စစ်ပညာ၌ လော်ဂျစ်စတစ်သည် ရန်သူ၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီး မိမိတို့၏ ထောက်ပံ့ရေးလမ်းကြောင်းကို ထိန်းသိမ်းရခြင်းနှင့်သက်ဆိုင်သည်။ ရင်းမြစ်များလမ်းကြောင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတို့ မရှိသော လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့သည် ခုခံတိုက်ခိုက်နိုင်စွမ်းရှိမည် မဟုတ်သောကြောင့်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ လော်ဂျစ်စတစ်ကို ရှေ့ခေတ်ကတည်းက ကျင့်သုံးခဲ့ပြီး ခေတ်သစ်စစ်တပ်များတွင် လော်ဂျစ်စတစ်ဆိုင်ရာ ဖြေရှင်းမှုများနှင့် တိုးတက်သော အကောင်အထည်ဖော်မှုများ ဖွံ့ဖြိုးလာရန် သိသိသာသာ လိုအပ်လာသည်။ စစ်ဘက်ဆိုင်ရာ လော်ဂျစ်စတစ်တွင် လော်ဂျစ်စတစ်ဆိုင်ရာ အရာရှိများသည် လိုအပ်သည့်နေရာများသို့ ရင်းမြစ်များအား မည်သည့်အချိန်၌ မည်ကဲ့သို့ ရွှေ့ပြောင်းရမည်ကို စီမံရသည်။

လော်ဂျစ်စတစ် စီမံခန့်ခွဲမှုသည် စားသုံးသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အလို့ငှာ မူလစမှတ်နှင့် နောက်ဆုံး သုံးစွဲသည့်အမှတ်အကြား ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများနှင့် သက်ဆိုင်ရာ အချက်အလက်များ စီးဆင်းမှုနှင့် သိုလှောင်မှုတို့ကို စီစဉ်ရန်၊ အကောင်အထည်ဖော်ရန်နှင့် ထိထိရောက်ရောက်နှင့် အလုံအလောက် ရှေ့ဆက်နိုင်ရေးနှင့် နောက်ပြန်လှည့်နိုင်ရေးတို့ကို ထိန်းချုပ်ရန် ထောက်ပံ့ရေးစီမံခန့်ခွဲမှု ကွင်းဆက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လော်ဂျစ်စတစ်၏ ခက်ခဲရှုပ်ထွေးမှုများကို အသွင်ယူထားသည့် ကောင်းမွန်သော ဆော့ဖ်ဝဲများဖြင့် ပုံစံပြုခြင်း၊ သုံးသပ်ခြင်း၊ မြင်သာအောင်ပြုလုပ်ခြင်းနှင့် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ အားလုံးသော လော်ဂျစ်စတစ် နယ်ပယ်များတွင် ရင်းမြစ်များကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် သုံးစွဲရန်သည် ပုံမှန်စေ့ဆော်မှု တစ်ရပ်ဖြစ်သည်။ လော်ဂျစ်စတစ် စီမံခန့်ခွဲမှုနယ်ပယ်၌ ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ကိုင်သောသူကို လော်ဂျစ်စတစ်ရှန် (Logistician) ဟု ခေါ်သည်။

မည်သည့်လုပ်ငန်းကိုမဆို အကောင်အထည်ဖော်ရာ၌ လော်ဂျစ်စတစ်စီမံခန့်ခွဲမှုများက မရှိမဖြစ် လိုအပ်သည်သာဖြစ်သည်။ လော်ဂျစ်စတစ်စီမံခန့်ခွဲမှု ကျွမ်းကျင်ခြင်းမရှိပါက မည်သည့်လုပ်ငန်းကိုမျှ ရေရှည်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ယနေ့ခေတ်တွင် မည်သည့်လုပ်ငန်းနယ်ပယ်၌မဆို လော်ဂျစ်စတစ်၏ အရေးပါပုံအား စီမံခန့်ခွဲမှုများ ပြုလုပ်နေသူအားလုံး အနေဖြင့် ကောင်းစွာ သဘောပေါက်နားလည်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ (၂၈) ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်