မန္တလေးမြို့ မန်းမြန်မာပလာဇာ လေးလွှာတွင် ရုပ်ရှင်ရုံပြုလုပ်ဆဲမှ မီးလောင်မှုဖြစ်ပွား

မန်းမြန်မာပလာဇာတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်းအား တွေ့ရစဉ်

မန္တလေးမြို့ မန်းမြန်မာပလာဇာ၏ လေးလွှာတွင် ရုပ်ရှင်ရုံပြုလုပ်ဆဲတွက် အခန်းဖွဲ့နေသည့်အခန်းမှ မီးလောင်မှု မေ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင်ရှိသည့် မန်းမြန်မာပလာဇာ လေးလွှာတွင် ရုပ်ရှင်ရုံပြုလုပ်ဆဲမှ မီးလောင်မှုဖြစ်စဉ်တစ်ခု ယင်းနေ့ နေ့ ၁၁ နာရီခွဲအချိန်က လေးလွှာ၏ အရှေ့တောင်ထောင့် ပေ ၃၀×ပေ ၅၀ အခန်းဖွဲ့ (ရုပ်ရှင်ရုံပြုလုပ်ဆဲ) တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး “နေ့ ၁၁ နာရီ မိနစ် ၃၀ အချိန် မန်းမြန်မာပလာဇာ ၂၅ ထပ်မှာ မီးလောင်သတင်းရလို့ဆိုပြီး Level 1 နဲ့ စေလွှတ်လိုက်ပါတယ်။ မန်းမြန်မာပလာဇာ လေးလွှာ အရှေ့တောင်ထောင့်မှာရှိတဲ့ ရုပ်ရှင်ရုံပြုလုပ်ဖို့အတွက် အခန်းဖွဲ့နေတဲ့အခန်းထဲမှာ အလုပ်သမားတွေက ၀ရိန်ဆော်တော့ ၀ရိန်မီးပွားက အသံလုံဖော့ပြားပေါ်ကျပြီးတော့ မီးစတင်လောင်ခဲ့တာပါ။ မီးကိုထိန်းရော၊ ငြိမ်းရော နေ့ ၁၁ နာရီ မိနစ် ၄၀ မှာ ငြိမ်းသွားပါတယ်” ဟု ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ထက်အောင်က ပြောကြားသည်။

“အစ်မတို့က အိမ်မှာရှိနေတာ။ အဲဒီအချိန်မှာ မန်းမြန်မာပလာဇာ လေးလွှာကနေ မီးခိုတွေအူထွက်နေတော့ မီးလောင်တာ သိရတာပါ။ ဒီနေ့ဥပုသ်နေ့ဆိုတော့ ဈေးပိတ်ရက် ဖြစ်နေတယ်။ ဒါကြောင့် လူလည်းမစည်တာပါ။ မီးခိုတွေက တော်တော်ကိုများတယ်။ တစ်ယောက်မူးလဲသွားလို့ လူနာတင်ယာဉ်ကားနဲ့ သယ်သွားတာ မြင်လိုက်ရတယ်” ဟု အနီးတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုမှာ လျှပ်စစ်ဝိုင်ယာကြိုး၊ ၀ရိန်ပုံး၊ PPC ရေပိုက်လိုင်း (လေးလက်မ)၊ ပိုက်ဆက်ကော် ၁၀ ပုံး၊ အသံလုံဖော့ပြား အနည်းငယ်တို့ဖြစ်ကြောင်း သိရပြီး စုစုပေါင်းတန်ဖိုးကျပ် တစ်သိန်းခြောက်သောင်းရှိကြောင်း သိရသည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ Snokel နှစ်စီး၊ Water Tower တစ်စီး၊ လှေကားတင် ယာဉ်တစ်စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ သန္ဓေ ၂၅ ဦး၊ အရန် ၅၀ လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း အမှတ် (၆) က အသက် ၃၄ နှစ် အရွယ် အမျိုးသားတစ်ဦး (တာဝန်ခံ) အား ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မြို့တော်ဝန်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ လာရောက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်းကို ခန့်အပ်

Photo: Twitter

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင်အသင်း၏အသင်းခေါင်းဆောင်အဖြစ် တိုက်စစ်မှူး ဟာရီကိန်းကို တရားဝင်ခန့်အပ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အတည်ပြုကြေညာခဲ့သည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် အသင်းကိုစတင်ကိုင်တွယ်သည့် ၂၀၁၆ ခုနှစ်ကတည်းက အသင်းခေါင်းဆောင်ကို တရားဝင်ခန့်အပ်ခြင်းမရှိဘဲ ကာဟေးလ်၊ ဂျိုးဟတ်၊ ဟန်ဒါဆန်၊ ဟာရီကိန်း၊ ဒိုင်ယာစသည့် ကစားသမားများက ယင်းတာဝန်ကို မျှဝေယူခဲ့ရသည်။

မေလ(၂၁)ရက်ညပိုင်းက ပြုလုပ်ခဲ့သော အသင်းအစည်းအဝေးတွင် ဆောက်ဂိတ်က အသင်းခေါင်းဆောင် ခန့်အပ်မှုကို တရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။

” ဟာရီမှာ ပုဂ္ဂိုလ်ရေးမှတ်တမ်းကောင်းတွေ ရှိပါတယ်။ သူဟာ စေ့စပ်တိကျတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင်တစ်ယောက်အတွက် အရေးကြီးဆုံးအရာဖြစ်တဲ့ အစဉ်အမြဲ စံပြဖြစ်နေရမယ်ဆိုတဲ့အချက်နဲ့လည်း ကိုက်ညီသူတစ်ဦးဖြစ်ပါတယ်” ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

အသက်(၂၄)နှစ်သာရှိသေးသည့် ဟာရီကိန်းသည် နိုင်ငံတကာပွဲ ၂၃ ပွဲကစားခဲ့ရာတွင် ၁၂ ဂိုးအထိ သွင်းယူထားပြီး သူပထမဆုံးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသည့်ပွဲမှာ ပြီးခဲ့သည့်နှစ်ဇွန်လက ကစားခဲ့သည့် စကော့တလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်ကာ နောက်သုံးပွဲတွင်လည်း ယင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၎င်းအနေဖြင့် စပါးအသင်းဖော် ဒိုင်ယာ၊ လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်တို့ကိုကျော်ဖြတ်ကာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။

 

ဝက်စ်ဟမ်းအသင်းနည်းပြအဖြစ် ပယ်လီဂရီနီကို တရားဝင်ခန့်အပ်

ဝက်စ်ဟမ်းအသင်းသည် အသင်းနည်းပြသစ်အဖြစ် မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

လာလီဂါကလပ်အသင်းများဖြစ်သည့် ဗီလာရီးယဲလ်၊ ရီးယဲလ်မက်ဒရစ်၊ မာလာဂါအသင်းများကိုလည်း ကိုင်တွယ်ခဲ့သူ ချီလီလူမျိုးနည်းပြ ပယ်လီဂရီနီသည် တရုတ်စူပါလိဂ်ကလပ် ဟူဘေးဖော်ကျွန်းအသင်းနှင့် လမ်းခွဲပြီးနောက် ရက်ပိုင်းအကြာ ယနေ့တွင် ၀က်စ်ဟမ်းအသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

(၆၄)နှစ်အရွယ်ရှိပြီဖြစ်သူ ပယ်လီဂရီနီသည် မေလ(၂၁)ရက်နေ့က အသင်းပူးတွဲဥက္ကဋ္ဌ ဒေးဗစ်ဆူလီဗန်နှင့် စာချုပ်ပါအချက်အလက်များအတွက် ဆွေးနွေးခဲ့ပြီး ယင်းနေ့ညပိုင်းတွင် အသင်းနှင့် တစ်နှစ်လစာ ပေါင်(၅)သန်းတန်စာချုပ် ချုပ်ဆိုခဲ့သည်။

ပယ်လီဂရီနီသည် မန်စီးတီးအသင်းတွင် (၃)ရာသီကြာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလားအပြင် FAဖလား(၂)ကြိမ် ရယူပေးခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် မာလာဂါအသင်းတွင် လက်တွဲခဲ့ဖူးသည့် အားကစားဒါရိုက်တာ မာရီယိုဟူဆီယို့စ်နှင့် လက်စတာအသင်း၏ အပြောင်းအရွှေ့အကြီးအကဲ အက်ဒွါဒိုမာစီယာတို့ကို ၀က်စ်ဟမ်းအသင်းသို့ ခေါ်ယူသွားဖွယ်ရှိနေသည်။

ဘင်္ဂါလီအရေးနှင့်ပက်သက်၍ မြန်မာအစိုးရကို ICC သို့တင်ရန် ဗြိတိသျှလွှတ်တော်အမတ်များ ကြိုးပမ်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုကို ဧပြီလ အတွင်းက တွေ့ရစဉ် (Photo – AFP)

အစိုးရကသဘောတူသော ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့နှင့်သက်ဆိုင်သော သက်သေအထောက်အထားနှင့် ပက်သက်၍ မြန်မာအစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကြိုပမ်းမှုများကို ဗြိတိန်က ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိသျှလွှတ်တော် နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီက လွှတ်တော်အမတ်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ပေးအပ်သည့် ဗြိတိန်အထောက်အပံ့ကို အပြည့်အ၀ပြန်လည်သုံးသပ်သွားရန်လည်း ၄င်းတို့က တောင်းဆိုခဲ့ကြသည်။ ဗြိတိန်သည် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပေါင်သန်း ၁၀၀ ထောက်ပံ့ကူညီခဲ့ပြီး ထိုပမာဏမှာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေပုံရသောကြောင့် ထိုအချိန်တုန်းက ပေးအပ်ရန် သဘောတူခဲ့သော ပမာဏဖြစ်သည်ဟုဆိုသည်။

ယင်းသို့အသွင်ကူးပြောင်းမှုကိုလည်း မတွေ့ ရသကဲ့သို့ စစ်မှန်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်သမျှကိုလည်း မတွေ့ရကြောင်း ကော်မတီက ကောက်ချက်ချကာ မြန်မာအာဏာပိုင်တို့က နောက်ဆုံးအချိန်ရောက်မှ ဗီဇာငြင်းပယ်လိုက်သောကြောင့် ဗြိတိန်အထောက်အပံ့ စီမံကိန်းများကို လာရောက်ကြည့်ရှုကြရန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်လည်း တားမြစ်ခံခဲ့ရသည်ဟု လွှတ်တော်ဖွံ့ ဖြိုးရေးကော်မတီက ဖြည့်စွက်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရှိသောအဖွဲ့ဝင် တရုတ်နိုင်ငံက အတိုက်အခံလုပ်ခဲ့သောကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို စုပေါင်းအရေးယူရေးမည့် စိတ်ကူးသည် ရပ်တန့်နေခဲ့ရသည်။

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်းပေးရေးနှင့် ထိပ်တန်းပုဂ္ဂိုလ်အားလုံးကို ပစ်မှတ်ထားသည့် ဘဏ္ဍာရေးပိတ်ဆို့မှုကို ပြုလုပ်နိုင်ရန် ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများက ထောက်ခံမှုနည်းလမ်းကို ရှာဖွေနေကြောင်း ကော်မတီက ပြောကြားသည်။ မြန်မာနိုင်ငံသည် ICC တွင် ပါဝင်ရန် လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်ပေ။

ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာပုံကို ၄င်းအနေဖြင့် စုံစမ်းစစ်ဆေး၍ ရနိုင်၊ မရနိုင်ဆိုသည့် စီရင်ထုံးတစ်ရပ်ကို ရှာဖွေမည့် ICC ၏တရားစွဲဆိုရေးဆိုင်ရာ အကြီးအကဲ ဖာတူးဘင်ဆူးဒါး၏ လုပ်ဆောင်မှုကိုလည်း ကော်မတီက ကြိုဆိုသည်။

လွန်ခဲ့သောလက လုံခြုံရေးကောင်စီမှ သံတမန်များ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် ဘင်္ဂါလီဒုက္ခသည်များ ဘေးကင်းစွာပြန်လာနိုင်ရေးကို ၄င်းတို့က တောင်းဆိုခဲ့သည်သာမက မြန်မာ့အချုပ်အခြာအာဏာကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ကြသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီ ၆၈၀၀၀၀ ကျော်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

၂၀၁၈ ခုနှစ်အတွက် Billboard ဂီတဆုပေးပွဲ ကျင်းပ

၂၀၁၈ ခုနှစ် Billboard ဂီတဆုပေးပွဲကို မေ ၂၀ ရက် ညပိုင်းက လပ်စ်ဗီးဂတ်စ်ရှိ MGM Grand Garden ပွဲခင်းထဲတွင် ကျင်းပခဲ့သည်။ အခမ်းအနားအစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည့် ကယ်လီကလက်ဆန်သည်  တက္ကဆက်မှ  Santa Fe  အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးသူများကို ရည်စူးပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဆုပေးပွဲညအတွင်း ဂျွန်လက်ဂျန်၊ ခရစ်စတီးနာအဂွီလီရာ၊ ဒီမီလိုဗာတာ၊ အက်ဒ်ရှီရန်၊ အရီယားနာဂရန်ဒီ၊ BTS  အစရှိသည့် အနုပညာရှင်များက ဖျော်ဖြေခဲ့ကြသည်။ ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS  မှာ မူ Billboard အခမ်းအနားတွင် ပါဝင်ဖျော်ဖြေခဲ့သော ပထမဆုံးကိုရီးယားအနုပညာရှင်များ ဖြစ်လာခဲ့သည်။

ဆုပေးပွဲအတွင်း Fake Love သီချင်းဖြင့် ဖျော်ဖြေခဲ့သည့် BTS သည် ထိုဆုပေးပွဲ ညတွင် အကောင်းဆုံးဆိုရှယ်ဆုကိုလည်း ရရှိခဲ့သည်။

ကန်းဒရစ်လာမာ၊ ဘရူနိုမားစ်၊ အက်ဒ်ရှီရန်တို့သည် ဆန်ခါတင်ဆုစာရင်း ၁၅ ဆုစီ ၀င်ခဲ့ကြသူများဖြစ်ပြီး အက်ဒ်ရှီရန်မှာမူ အကောင်းဆုံးအနုပညာရှင်ဆု၊ အကောင်းဆုံး အမျိုးသားအနုပညာရှင်ဆုအပါအ၀င် ဆုလေးဆုကို သိမ်းပိုက်နိုင်ခဲ့သည်။ တေလာဆွစ်မှာမူ အကောင်းဆုံးအမျိုးသမီး အနုပညာရှင်ဆုကို ရရှိသွားခဲ့သည်။

အကျော်ကြားဆုံးတေးသီချင်းဆုကို Despacito က ရရှိသွားခဲ့ပြီး ထိပ်တန်းတေး အယ်ဘမ်ဆုကို ကန်းဒရစ်လာမာ၏ Damn က ရရှိသွားခဲ့သည်။

သတိရမိတဲ့ ကျောပိုးအိတ်နေ့ရက်တွေ

Photoး Dreamstime

ကျောပိုးအိတ်လေးတစ်လုံးလောက် မိတ်ဆွေမှာ ရှိခဲ့ဖူးပါသလား။ ကျွန်တော့်မှာတော့ ကျောပိုးအိတ်တွေ များစွာရှိခဲ့ဖူးပါတယ်။ လေးတန်းကျောင်းသားဘ၀မှာ အဖေ၀ယ်ပေးလို့ ကျောပိုးအိတ်လေးတစ်လုံးဟာ ကျွန်တော့်ထံ ရောက်ရှိလာပါတယ်။ အဲဒီကျောပိုးအိတ်လေး စလွယ်ပြီးနောက်မှာ ကျွန်တော်ဟာ ကျောပိုးအိတ်ကြိုက်သူ ဖြစ်လာပါတော့တယ်။ ကလေးတစ်ယောက်ရဲ့ နေ့ရက်တွေကို ပျော်ရွှင်ခြင်းတွေအပြည့် အသိပ်ထည့်ကာ ဖြတ်သန်းနိုင်ဖို့အတွက် ကျောပိုးအိတ်လေးက ကျွန်တော့်ကို ကူညီပေးခဲ့ပါတယ်။ လွယ်အိတ်ထက်စာရင် ကျောပိုးအိတ်က ထည့်ချင်တာတွေ ပိုထည့်လို့ရတယ် မဟုတ်လား။

ကျောင်းသားတစ်ယောက် ကလေးလေး တစ်ယောက်အတွက် သူထည့်ချင်တာတွေထည့်ပြီး သွားလေရာကို  ယူသွားနိုင်တယ်လေ။ ကစားစရာအရုပ်တွေကို ကျောင်းကို သယ်သွားဖို့ ကျောပိုးအိတ်လေးက ကျွန်တော့်အတွက် အကောင်းဆုံးအရာ ဖြစ်ပါတယ်။ လွယ်အိတ်နဲ့ဆိုရင် ကျောင်းစာအုပ်တွေ၊ ခဲတံခဲဖျက်တွေနဲ့ ကစားစရာ အရုပ်တွေဟာ ရောထွေးလို့ နေပါတယ်။ ကျောပိုးအိတ်လေးကတော့ အိတ်တွေ အများကြီးပါတာမို့ ကျောင်းစာအုပ်တွေ၊ ခဲတံခဲဖျက်နဲ့ ကစားစရာအရုပ်တွေကို သတ်သတ်စီခွဲထည့်ပြီး သယ်သွားလို့ရတာပေါ့။ ကျောင်းမတက်ခင်နဲ့ နေ့လယ်မုန့်စား ကျောင်းဆင်းချိန်တွေမှာ ကျွန်တော်နဲ့ သူငယ်ချင်းတွေဟာ ကစားစရာအရုပ်တွေနဲ့ကစားရင်း ပျော်ရွှင်နေခဲ့ရတာပေါ့။

ကျောပိုးအိတ်လေးထဲမှာ နောက်ထပ်ပါတတ်တဲ့အရာကတော့ ကာတွန်းစာအုပ်တွေပဲ ဖြစ်ပါတယ်။ ကျောင်းကိုပဲဖြစ်ဖြစ် အခြားတစ်နေရာကိုပဲဖြစ်ဖြစ် ကာတွန်းစာအုပ်တွေကို ကျောပိုးအိတ်လေးထဲကိုထည့်ပြီး  ကျွန်တော် ယူသွားလေ့ရှိပါတယ်။ ကာတွန်းဖတ်ချင်တဲ့အချိန်မှာ ကျောပိုးအိတ်လေးထဲက ကာတွန်းစာအုပ်ကိုထုတ်လို့ ဖတ်ပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတွေဟာ တစ်ယောက်တစ်လှည့် ကာတွန်းစာအုပ် ဖတ်ကြပါတယ်။ အတန်းချိန် အကူးအပြောင်းလုပ်ရလို့  စာသင်ခန်းကို ဆရာတွေ ရောက်မလာသေးတဲ့ အချိန်တွေမှာပေါ့။ ကာတွန်းစာအုပ်ကို တစ်ယောက်က ဖတ်ပြနေတဲ့အခါ ကျန်တဲ့သူတွေက ငြိမ်သက်စွာ နားထောင်ကြပါတယ်။

ကျွန်တော်နဲ့ သူငယ်ချင်းတွေရဲ့ စိတ်ထဲမှာ စွဲနေတာ နောက်တစ်ခုက ကျောပိုးအိတ်လွယ်ထားရင် ကျွန်တော်တို့ဟာ ကာတွန်းဇာတ်လိုက် ကိုစူပါနဲ့ တူသွားတယ်လို့ ထင်မှတ်မှုပါပဲ။ ကိုစူပါဆိုတာ ကျွန်တော်တို့ရဲ့ ကာတွန်းသူရဲကောင်း ဖြစ်ပါတယ်။ ကိုစူပါရဲ့ ကာတွန်းဇာတ်လမ်းတွေကို ကျွန်တော်တို့ သိပ်ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ သူငယ်ချင်းတွေဟာ ကျောပိုးအိတ်ဝယ်ပေးဖို့ မိဘတွေကို ပူဆာခဲ့ကြတာပါ။ မိဘတွေ ၀ယ်ပေးလို့ ကျောပိုးအိတ်ရတဲ့သူကို ကျောပိုးအိတ်မရသေးတဲ့သူက ငေးမော အားကျခဲ့ရတာပေါ့။ ကျွန်တော် ပူဆာလို့  အဖေ၀ယ်ပေးခဲ့တဲ့ ကျောပိုးအိတ်က အကောင်းစားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောပိုးအိတ်လေးတစ်လုံး ဖြစ်နေတာနဲ့ပဲ ကျေနပ်ပျော်ရွှင်ခဲ့ရတာပါ။

နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် ကျွန်တော်တို့သူငယ်ချင်းတွေဟာ ကျောပိုးအိတ်ထဲကို လေးခွနဲ့ လောက်စာလုံးတွေထည့်ပြီး ငှက်ပစ်ဖို့ လျှောက်သွားကြတာပေါ့။ အိမ်က မိဘတွေကိုတော့ ဘောလုံးကန်သွား သလိုလို၊ စာအုပ်အငှားဆိုင်ကို ကာတွန်းစာအုပ်ပဲ သွားငှားသလိုလိုလုပ်ပြီး အိမ်က လစ်ထွက်ခဲ့ကြတာပေါ့။

ကလေးဘ၀ရဲ့ ပေါ့ပေါးလွတ်လပ်ခြင်းတွေဟာ ကျောပိုးအိတ်လေးနဲ့အတူ ကျွန်တော့်ဆီမှာ အမြဲရှိခဲ့တဲ့နေ့ရက်တွေပေါ့။ တစ်ခါတစ်ရံ ရေကန်တွေရှိတဲ့ မြို့ပြင်ဘက်ကိုသွားပြီး ငါးမျှားကြပါတယ်။ ကျောပိုးအိတ်တွေထဲမှာ စားစရာမုန့်တွေထည့်ပြီး သွားကြတာပါ။ ငါးမျှားရင်း ဗိုက်ဆာတဲ့အခါ မုန့်တွေထုတ်စားကြရင်း ကျောင်းပိတ်ရက်တွေကို ဖြတ်သန်းကြပါတယ်။

အလယ်တန်းကျောင်းသားဘ၀မှာတော့ ကျောပိုးအိတ်လေးထဲမှာ ကျောင်းစာအုပ်တွေ ပိုများလာပါတော့တယ်။ ကစားစရာ အရုပ်တွေနေရာမှာ ဘောကန်အင်္ကျီနဲ့ ဘောကန်ဘောင်းဘီက အစားထိုးဝင်ရောက်လာပါတယ်။ ကျောပိုးအိတ်ထဲမှာ ကျောင်းစာအုပ်တွေအပြင် ဘောကန်အင်္ကျီနဲ့ ဘောကန်ဘောင်းဘီက မမေ့မလျော့ပါခဲ့တဲ့ နေ့ရက်တွေပေါ့။ ကျောပိုးအိတ်လှလှလေးတွေ ၀ယ်ပေးဖို့ မိဘတွေကို ပူဆာတဲ့ နေ့ရက်တွေလည်း များများလာပါတယ်။ လူပျိုပေါက်တစ်ယောက်ဟာ အလှအပကိုလည်း မက်မောနေတတ်ပြီ မဟုတ်လား။ ကာတွန်းစာအုပ်တွေ အဖတ်နည်းလာပြီး ရွှေဥဒေါင်း၊ မင်းသိင်္ခတို့ရဲ့ စာအုပ်တွေဟာ ကျောပိုးအိတ်ထဲကို စတင်ရောက်ရှိလာပါတယ်။

ကျောင်းစာအုပ်တွေနဲ့ လေးလံလာတဲ့ ကျောပိုးအိတ်လေးကိုလွယ်ရင်း အလယ်တန်း ကျောင်းသားဘ၀ရဲ့ နေ့ရက်တွေကို ဖြတ်သန်းရတဲ့အခါ တခြားသော ပျော်ရွှင်ခြင်းတွေရရှိဖို့ ကျောပိုးအိတ်က ကူညီပေးနေဆဲပါပဲ။ ကျောင်းပြေးဖို့ အ၀တ်အစားတွေကို ကျောပိုးအိတ်လေးထဲကို အိမ်ကမသိအောင် ခိုးထည့်ရင်း ဆယ်ကျော်သက်ဘ၀ရဲ့ လွတ်လပ်မှုကို လမ်းပေါ်မှာ ရှာပါတော့တယ်။ ကျောင်းပြေးပြီး တီဗွီဂိမ်းဆိုင်သွားပါတယ်။ တီဗွီဂိမ်းဆိုင်ရောက်တဲ့အခါ ကျောင်းဝတ်စုံကို လဲဝတ်ပါတယ်။ ကျောပိုးအိတ်လေးထဲ ခိုးထည့်လာတဲ့ အ၀တ်အစားတွေနဲ့ပေါ့။ တစ်နေကုန် ဂိမ်းကစားရင်းနဲ့ ကျောင်းဆင်းချိန်ထိ ဂိမ်းဆိုင်မှာနေလို့ ကျောင်းဆင်းချိန်ကို စောင့်ပါတယ်။ ကျောင်းဆင်းချိန်ရောက်တဲ့အခါ အဖြူအစိမ်းကျောင်းဝတ်စုံကို ပြန်လဲ၊ အိမ်ကခိုးထည့် အ၀တ်အစားတွေကို ကျောပိုးအိတ်လေးထဲ ပြန်ထည့်ပြီး မှင်သေသေနဲ့ အိမ်ကိုပြန်ခဲ့တဲ့ နေ့ရက်တွေပေါ့။ အိမ်ပြန်ရောက်တဲ့အခါ ကျောင်းတက်ရလို့ ပင်ပန်းနေတဲ့ပုံစံနဲ့ပေါ့။ အခန့်မသင့်လို့ ကျောင်းပြေးတာကို အိမ်ကသိသွားတဲ့အခါ ကျောကော့နေအောင် အရိုက်ခံရပါတော့တယ်။ ဒါပေမဲ့ အရှိုးရာ အထပ်ထပ်နဲ့ နာကျင်နေတဲ့ ကျောပြင်လေးပေါ်မှာလည်း ကျောပိုးအိတ်လေးဟာ ရှိနေခဲ့တာပါပဲ။

အထက်တန်းကျောင်းသားဘ၀ကို ကျွန်တော်ရောက်တဲ့အခါ ကျွန်တော်လွယ်တဲ့ ကျောပိုးအိတ်လေးဟာ ဆေးလိပ်မီးခိုးတွေကို ကြိုက်နှစ်သက်နေခဲ့ပြီပေါ့။ ကျောပိုးအိတ်လေးရဲ့ အတွင်းဘက်အကျဆုံးနေရာမှာ ဆေးလိပ်တွေ ရှိနေခဲ့ပါပြီ။ အိမ်ကနေကျောင်းကို သွားတဲ့လမ်းမှာ၊ ကျောင်းကနေ အိမ်ကို ပြန်တဲ့လမ်းမှာ ဆေးလိပ်ခိုးသောက်ဖို့အတွက် ကျောပိုးအိတ်လေးက ကူညီပေးခဲ့တာပေါ့။ ကျွန်တော် မိုက်မဲဆိုးသွမ်းဖို့အတွက်ကို ကျောပိုးအိတ်လေးကူညီပေးသလို ကျွန်တော် စာအုပ်တွေ ဖတ်ဖြစ်ဖို့လည်း သူကပဲ ကူညီပေးခဲ့တာပါ။ ရောက်လေရာနေရာ စာဖတ်တတ်တဲ့ အကျင့်စွဲသွားတာဟာ ကျောပိုးအိတ်လေးထဲမှာ စာအုပ်တွေထည့်ပြီး ယူသွားလို့ရလို့ပါပဲ။

အထက်တန်းကျောင်းသားဖြစ်လာတော့ ဖတ်တဲ့စာအုပ်တွေကလည်း ပြောင်းလာပါတယ်။ အချစ်ဝတ္ထုတွေလည်း အဖတ်များလာတာပေါ့။ မင်းလူနဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ၊ မောင်လှမျိုး (ချင်းချောင်းခြံ) တို့ကို အရူးအမူးဖတ်ဖြစ်ခဲ့တာပေါ့။ သူငယ်ချင်းတစ်ယောက် ပေးဖတ်တာကနေ သစ္စာနီနဲ့ ကြူးနှစ်တို့ရဲ့ ၀တ္ထုတိုစာအုပ်လေးတွေကို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သစ္စာနီနဲ့ ကြူးနှစ် စာအုပ် တစ်အုပ်မဟုတ် တစ်အုပ်ဟာ ကျောပိုးအိတ်လေးထဲမှာ အမြဲပါတော့ တာပါပဲ။ ကျောပိုးအိတ်ထဲမှာ နောက်ထပ် အမြဲပါတတ်တဲ့ စာအုပ်က မောင်သိန်းဇော်ရဲ့ နှင်းရည်စက်လက် ရှုမျှော်ခင်း ကဗျာစာအုပ်ပါပဲ။ ကျောပိုးအိတ်လေးဟာ သရုပ်မှန်တွေ မော်ဒန်တွေ ခေတ်ပေါ်ကဗျာတွေနဲ့ ပျော်မွေ့နေတတ်ပြီလေ။

၁၀ တန်းကျောင်းသားဘ၀ရဲ့ ရန်ပွဲတွေမှာလည်း ကျောပိုးအိတ်လေးက ကျွန်တော့်ကို ကယ်တင်ခဲ့ပါသေးတယ်။ နောက်ကနေ ပစ်လိုက်တဲ့ အုတ်ခဲတွေ၊ ရိုက်လိုက်တဲ့ တုတ်တွေဟာ ကျောပိုးအိတ်လေးကိုထိပြီး ကျွန်တော် သက်သာရာရသွားတာမျိုးပေါ့။ ကျောပိုးအိတ်လေးက လွယ်အိတ်အဖြူရောင်လေးကို ချစ်မိတဲ့အခါ အသည်းတွေ ဘာတွေကွဲလို့ လွမ်းဆွေးနေတဲ့ နေ့ရက်တွေလည်း ရှိခဲ့တာပေါ့။ လူငယ်ဘ၀ရဲ့လွမ်းမောဖွယ် နေ့ရက်တွေကို ကျောပိုးအိတ်လေးထဲထည့်ပြီး ရွက်စုတ်ပြက္ခဒိန်လေးကို တစ်ရွက်ချင်း စုတ်ဖြဲခဲ့ရတာပါပဲ။

ဒီလိုနဲ့ပဲ မိသားစုဘ၀လေးကို ပိုင်ဆိုင်တဲ့ နေ့ရက်တွေဆီ ရောက်ရှိလို့လာခဲ့ရပါတယ်။ အခုကျွန်တော့်မှာ သမီးလေးတစ်ယောက် ရှိနေခဲ့ပါပြီ။ အခုထိ ကျွန်တော့်ကျောပေါ်မှာ ကျောပိုးအိတ်လေးတစ်လုံးကလည်း ရှိနေဆဲပါ။ ဒါပေမဲ့ ကျောပိုးအိတ်လေးထဲမှာတော့ သမီးလေးအတွက် ချစ်ခြင်းမေတ္တာတွေသာ သီးသန့်ထည့်လို့ ထားလိုက်ပါပြီ။ ကျွန်တော့်သမီးလေးကိုလည်း ကလေးဘ၀ရဲ့ လွတ်လပ်ခြင်းတွေ ထည့်ထားတဲ့ ကျောပိုးအိတ်လေး တစ်လုံးလွယ်လို့ မူကြိုကျောင်းကို သွားဖို့၊ လမ်းတွေပေါ်မှာ ဆော့ကစားတတ်ဖို့ ကျွန်တော် ကူညီပေးရဦးမယ် မဟုတ်လား။ လူ့ဘ၀ကြီးမှာ ကျောပိုးအိတ်တစ်လုံးတောင် မရှိခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ပျော်ရွှင်ခြင်းတွေ လွတ်လပ်ခြင်းတွေကတော့ ရှိနေဖို့ လိုအပ်တဲ့အရာတွေပဲ မဟုတ်လား။ ပျော်ရွှင်ခြင်းတွေ၊ လွတ်လပ်ခြင်းတွေလို့ ဆိုလိုက်တိုင်း ကျွန်တော်လွယ်ခဲ့တဲ့ ကျောပိုးအိတ်လေးတွေကို အမြဲသတိရမိနေတော့တာပါပဲ။

ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တွေ့ဆုံခြင်း

ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တွေ့ဆုံခြင်း

အသက်ငယ်ရွယ်သော်လည်း အနုပညာဝါသနာဗီဇကို အရင်းခံကာ ကြိုးစားအောင်မြင်ခဲ့သည့် ကလေးသရုပ်ဆောင်များစွာ ရှိခဲ့သည်။ ယင်းတို့အနက် လတ်တလောတွင် ပရိသတ်များ သတိပြုချစ်ခင်အားပေးမှုရနေသူတစ်ဦးမှာ ကလေးသရုပ်ဆောင် ပြည့်ပြည့်ပင်ဖြစ်သည်။ Micro Film  ဇာတ်လမ်းတိုပြိုင်ပွဲ၌ အကောင်းဆုံးသရုပ်ဆောင်ဆု ရရှိခဲ့ဖူးသည့်အပြင် မကြာခင်ရုံတင်ပြသမည့် ‘မြင်းမိုရ်ငြိလို့ ကြွေတဲ့ကြယ်’ ရုပ်ရှင်ဇာတ်ကား၌လည်း အကောင်းဆုံးပုံဖော်ထားသည်ကို နမူနာဗီဒီယိုဖိုင်ဖြင့်ပင် အကဲဖြတ်ခွင့်ရစေခဲ့ပါသည်။ ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်ဇာတ်ကားတွင်လည်း နိုင်းနိုင်း၏သမီးအဖြစ် အကောင်းဆုံးပုံဖော်ထားသည်ကို ဇာတ်ကားစတင်မိတ်ဆက်ပွဲတွင် တွေ့မြင်စေခဲ့သူဖြစ်သည်။ ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့်တွေ့ဆုံ၍ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံများ၊ အနုပညာအပေါ် စိတ်ဝင်စားအားထုတ်မှုများ၊ ရှေ့ဆက်လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■မေး – သမီးကဇာတ်လမ်းတိုလေးတွေ အရင်ရိုက်ဖြစ်တယ်ဆိုတော့ ဘယ်လိုစပြီး ရိုက်ဖြစ်တယ်ဆိုတာ ပြောပြပါဦး။

■ ဖြေ – သမီးသုံးနှစ်လောက်ကတည်းက မှန်ရှေ့မှာ ငိုလိုက်ရယ်လိုက် ပုံစံမျိုးစုံလျှောက်လုပ်နေတာ။ သမီးအဒေါ်သူငယ်ချင်းက အိမ်လာလည်ရင်း ကြီးလာရင်ဘာဖြစ်ချင်လဲမေးတော့ သရုပ်ဆောင်လုပ်မှာပဲ ဖြေတယ်။ အဲဒီမှာတစ်ရက်ကျတော့ ဘဘဦးမျိုးမင်းဖွင့်ထားတဲ့ သင်တန်းကို ခေါ်သွားတယ်။ သမီးလည်း ဟိုရောက်တာနဲ့ ဘဘဆိုပြီး သွားနှုတ်ဆက်တယ်။ ဘဘသင်တန်းဖွင့်နေတာနဲ့ သင်တန်းသားတွေရှေ့မှာငိုပြ၊ ရယ်ပြ ၊ သီချင်းဆိုပြနဲ့ ဘဘခိုင်းသမျှအကုန်လုပ်ပြတယ်။ အဲဒီကနေမှ ဘဘရိုက်တဲ့ဗီဒီယိုဇာတ်ကားလေးမှာ စပြီးသရုပ်ဆောင် ဖြစ်တာပါ။

■ မေး – ပထမဆုံး ဇာတ်ကားစရိုက်တဲ့အခါကျတော့ မီးတွေမှန်တွေထိုးထားတယ်။ လူတွေအများကြီးရှေ့မှာ လုပ်ရတာဆိုတော့ အခက်အခဲရှိလား။

■ ဖြေ – အဲဒီတုန်းက အသက်လေးနှစ်ဆိုတော့ အရမ်းမငိုတတ်ဘူး။ ပထမဆုံးငိုရမယ့်အခန်းမှာ မငိုတတ်တော့ ဘဘက ပြည့်ပြည့်ငိုဆိုပြီး နည်းနည်းငေါက်လိုက်တာနဲ့ ငိုလိုက်ရော။ အဲဒီ တစ်ခန်းကိုပြီးအောင် ရိုက်လိုက်တယ်။ ပြီးတော့ဘဘကို သမီးကိုငိုရမယ်ဆိုရင် ကြိုပြောပါ။ မမာန်ပါနဲ့လို့ သွားပြောရော။ ဘဘကလည်း ဟုတ်ပါပြီ၊ ဟုတ်ပါပြီဆိုပြီး နောက်အခန်းတွေကျ ငိုရမယ်ဆိုရင်ကြိုပြောတယ်။ သမီးလည်း ငိုတတ်သွားတယ်။

■ မေး – ကိုအောင်ချမ်းလူရဲ့ ဇာတ်ကားတိုလေးမှာ သမီးအကောင်းဆုံးသရုပ်ဆောင်ဆု ရခဲ့တယ်နော်။ အဲဒီဇာတ်ကားမှာလည်း ပရိသတ်တွေက သမီးကိုစပြီးသတိထားမိခဲ့ကြတာနော်။

■ ဖြေ – ကိုကြီးအောင်ချမ်းလူက အဲဒီမှာသရုပ်ဆောင်ဖို့အတွက် ရွေးလိုက်တာပါ။ သမီး အဲဒီကားလေးမှာကြိုးစားပြီး သရုပ်ဆောင်ခဲ့တယ်။ ဆုရတယ်ဆိုတာကြေညာတော့ စင်ပေါ်တစ်ခါမှ မတက်ဖူးဘူးလေ။ ဒူးတွေတုန်နေတယ်။ ဆုရတယ်ဆိုတော့ အရမ်းလည်း ပျော်သွားတယ်။

■ မေး – မကြာခင်မှာရုံတင်တော့မယ့် မြင်းမိုရ်ငြိလို့ ကြွေတဲ့ကြယ်ဇာတ်ကားမှာလည်း အဓိကအနေနဲ့ ပါဝင်ထားတယ်ဆိုတော့ အဲဒီဇာတ်ကားအကြောင်းလည်း ပြောပြပါဦး။

■ ဖြေ – အဲဒီဇာတ်ကားထဲမှာ မမရွှေသမီးနဲ့ ကိုကြီးဇေရဲထက်တို့ရဲ့ မွေးစားသမီးပေါ့။ သမီးကို မွေးစားလိုက်တော့ ဖေဖေနဲ့မေမေတို့ရဲ့ မေတ္တာနဲ့အချစ်ကို အရမ်းလိုချင်တယ်။ သမီးမေမေက ကလေးရလာတဲ့အခါကျတော့ သမီးကိုသိပ်မချစ်တော့လို့ သမီးဝမ်းနည်းတယ်။ အဲဒါနဲ့ အဲဒီကလေးကို သွားလွှင့်ပစ်ဖို့လုပ်ရင်းနဲ့ ကားတိုက်သွားတာပေါ့။ အဲဒီလိုလေးပါ။

■ မေး – ဒီဇာတ်ရုပ်က ကိုယ့်ခံစားချက်တွေအများကြီးကို သရုပ်ဆောင်ရတာဆိုတော့ ခက်ခဲလား။

■ ဖြေ – ကိုယ့်ခံစားချက်တွေကိုပေါ်အောင် သရုပ်ဆောင်တာ အရမ်းတော့မခက်ခဲခဲ့ပါဘူး။ ဖေဖေမေမေတို့က သမီးကိုမချစ်ဘူးဆိုတဲ့စိတ်မျိုး သမီးစဉ်းစားပြီး သရုပ်ဆောင်ခဲ့တာပါ။ ခက်ခဲတာကတစ်ခန်းပဲရှိပါတယ်။ သမီးက ၀ိုင်ပုလင်းသောက်ပြီး ခါးပြီးလွှင့်ပစ်လိုက်ရတယ်။ ၀ိုင်ပုလင်းကိုတကယ်ခွဲလိုက်ရတော့ ပုလင်းကကွဲပြီး ဘေးနားမှာကြေမွနေတာပဲ။ အရမ်းလန့်သွားတာ။ ပြီးတော့ ကိုကြီးဇေရဲထက်က တကယ်ရိုက်လိုက်တော့ သမီးကြောက်သွားတယ်။ အဲဒီတုန်းကဆိုရင် အစင်းရာတွေထင်သွားတော့ မေမေကလိုးရှင်းလူးပေးရတယ်။ ကိုကြီးဇေရဲထက်က နောက်နေ့ကျတော့ အရုပ်လေးရုပ်ပြန်ပေးတယ်။

■ မေး – အဲဒီကားလေး ရုံတင်တော့မယ်ဆိုတော့ ကိုယ်သရုပ်ဆောင်ခဲ့တာကို သဘောကျလား။

■ ဖြေ – ဒီဇာတ်ကားကို အများကြီးတော့မကြည့်ရသေးဘူး။ Trailer လေးပဲ ကြည့်ရသေးတယ်။ သမီးကတော့ သဘောကျပါတယ်။

■ မေး – ကမ္ဘာနှစ်ထပ်ဇာတ်ကားမှာလည်း ကိုနိုင်းနိုင်းနဲ့သားအဖအဖြစ် သရုပ်ဆောင်ထားတယ်ဆိုတော့ အဲဒီကား ရိုက်တဲ့အတွေ့အကြုံလေး ပြောပြပါဦး။

■ ဖြေ – အဲဒီကားကပျော်ဖို့ကောင်းတယ်။ ခရီးတွေသွားရတယ်။ သမီးက အအေးကြိုက်တော့ အေးတဲ့နေရာကိုသွားရတာ ပျော်ဖို့ကောင်းတယ်။ အဲဒီတုန်းက ဟိုးတောင်အမြင့်ကြီးကိုတက်ရတယ်။ အဲဒီကားထဲမှာ ဦးနိုင်းနိုင်းကို ဖေဖေဆိုပြီးလှမ်းခေါ်လိုက်တဲ့အခန်းဆိုရင် သမီးစိတ်ထဲမှာ မေမေပြောခဲ့ဖူးတဲ့ ပိုက်ဆံမရှိရင် မေမေအဝေးကြီးမှာ အလုပ်သွားလုပ်ရမှာဆိုတဲ့စကားကို ပြန်သတိရပြီးသရုပ်ဆောင်ခဲ့တာ။ အမှတ်တရ အခန်းဆိုရင်တော့ ဦးနိုင်းနိုင်းက သမီးကိုကုန်းပိုးပြီးတောင်ပေါ်တက်ရတဲ့ ဇာတ်ဝင်ခန်းလေးကို ကြိုက်တယ်။

■ မေး – သမီးသရုပ်ဆောင်ထားတဲ့ ဘာဇာတ်ကားတွေ ရုံတင်ဖို့ရှိသေးလဲ။

■ ဖြေ – လိပ်ပြာစံအိမ်ဇာတ်ကားလည်း ရုံတင်ပါတော့မယ်။ ဦးနိုင်းနိုင်းနဲ့ မကစ်ကစ်(၀တ်မှုန်ရွှေရည်) ရဲ့ သမီးအနေနဲ့ ရိုက်ထားပါတယ်။ လိပ်ပြာစံအိမ်မှာပါရတဲ့ ဇာတ်ဝင်ခန်းတွေလည်းများတယ်။ ကမ္ဘာနှစ်ထပ်ရုံတင်ပြီးရင် အဲဒီကားတင်ဖို့ရှိတယ်။ ပြီးတော့ ရန်သူဇာတ်ကားထဲမှာ သမီးက မကစ်ကစ်ရဲ့ ငယ်ဘ၀လုပ်ထားပါတယ်။

■ မေး – ကလေးသရုပ်ဆောင်တွေထဲမှာ ဘယ်သူတွေကိုရော သမီးကြိုက်လဲ။

■ ဖြေ – မမယွန်းယွန်း၊ ကိုကြီးအိစိကွေး၊ ကိုကြီးကျားပေါက်နဲ့ ကိုကြီးဟဲဗီးဖြိုးတို့ သရုပ်ဆောင်တာတွေ ကြည့်ဖူးတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။

■ မေး – ဇာတ်ကားတစ်ကား ရိုက်ရတော့မယ်ဆိုရင်ရော ဘယ်လိုပြင်ဆင်လဲ။

■ ဖြေ – သမီးမလုပ်တတ်တဲ့ အမူအရာလေးတွေဆိုရင် မှန်ကြည့်ပြီး လုပ်ကြည့်တယ်။ ဂျပန်ကားထဲမှာ သမီးကြိုက်တဲ့သရုပ်ဆောင် ရှိတယ်။ သူသရုပ်ဆောင်တာလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်တယ်။ အဲဒီကားက သရုပ်ဆောင်တာတွေမှတ်ပြီး မှန်ထဲမှာ လိုက်လုပ်ကြည့်တယ်။

■ မေး – သမီးမိဘတွေကရော အခုလိုသရုပ်ဆောင်လုပ်တာ ပံ့ပိုးပေးလား။

■ ဖြေ – မေမေတို့ကတော့ သဘောကျပါတယ်။ သမီးကိုတော့ ဘယ်လိုသရုပ်ဆောင်ရတယ် ဆိုတာတော့မသင်တတ်ဘူး။ သမီးက ကိုယ့်ဘာသာပဲလုပ်ကြည့်တယ်။ မေမေက သမီးရိုက်ချင်တဲ့အချိန် အထိပဲရိုက်ခိုင်းမှာ။

■ မေး – သမီးကိုချစ်တဲ့ ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

■ ဖြေ – သမီးကိုဆက် ပြီးချစ်ပေးကြပါဦး။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

ပန်းခြံ

ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံသို့ မေလဆန်းပိုင်းက လာရောက်လည်ပတ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

(၁)

အဲဒီနေ့က ငါတို့ဆီမှာလိုဆိုရင် ရာသီဥတုသာယာနေတဲ့ပုံပေါ့။ ဒီမှာကျတော့ ပူအိုက်ပြီး နေသာတဲ့ နေ့တစ်နေ့လို့သာ ပြောနိုင်တယ်။ နေရောင်က ခန္ဓာကိုယ် အရေပြားကို ဖောက်ဝင်သွားမလားလို့တောင်မှ ထင် နေမိသေးတယ်။ ပြီးခဲ့တဲ့ရက်တွေက မိုးရွာခဲ့တယ်ဆိုပေမယ့် သိပ်ကို ပူလောင်တဲ့ နေ့တစ်နေ့ ပြန်ဖြစ်နေခဲ့ပြန်တာပေါ့။ သူတို့တွေတောင်မှ မိုးနေ့တွေကို အမြန်ရောက်ချင်နေတဲ့ အကြောင်း ပြောဆိုနေကြတယ်ဟေ့။ ရောက်စကတော့ ငါလည်း အခက်အခဲမရှိ နေနိုင်လိမ့်မယ် ထင်ခဲ့တာလေ။ ဒါပေမဲ့ မလွယ်ပါဘူးကွာ။ မခံမရပ်နိုင်လောက်အောင် ပူလောင် အိုက်စပ်နေတယ်။ ကြာလာရင် တစ်ကိုယ်လုံး လောင်ပြီး ညှော်နံ့တွေ ရလာမလား ငါ ကြိုက်တဲ့ သိုးသားဘာဘီကျူးတွေလို ဖြစ်သွား မလားမသိဘူး။ ငါတို့ဆီမှာ ဆောင်းဦး ဆောင်းရာသီ နွေဦးရာသီဆိုတာလောက်သာ ရှိပေမယ့် ဒီမှာတော့ မိုးရာသီနဲ့ ပူပြင်းတဲ့နွေရာသီတွေလည်း ရှိတော့ ငါတို့နဲ့ သိပ်အသားမကျ အဆင်မပြေဘူးလေ။ နောက်ပြီး အသံတွေကလည်း မှာ ဒါမှမဟုတ် ဈေးဝယ်စင်တာလို အဆောက်အအုံတစ်ခုထဲမှာ အော်ဟစ်ဆူညံသံတွေနဲ့သာ ပြည့်နှက်နေတယ်။ တော်တော်လေးတော့ ဆိုးတယ်။ လေ့လာချင်တဲ့ အကြောင်းအရာတွေရှိနေလို့သာ တားတဲ့ကြားက ဒီခရီးကို ထွက်လာခဲ့တာ။ အခုဆို ငါ နည်းနည်း နောင်တရစ ပြုနေပြီလေ။ ဒီကိုရောက်ပြီးတဲ့အချိန်တိုင်းမှာ နေရာတိုင်း ပူပြင်းရှုပ်ထွေးနေတဲ့ လမ်း တွေပေါ်ချည်း ရောက်ရောက်သွားမိသလိုပဲလို့တောင် ထင်မိပါသေးတယ်။ အခုဆို လာတုန်းကလို စိတ်တွေ တအားတက်ကြွမနေတော့ပဲ ငါ့ စိတ်ဓာတ်တွေကျနေပြီ။

အခုလိုမျိုး တစ်နေရာပြီး တစ်နေရာ လျှောက်သွားနေတာထက်စာရင် ပန်းခြံ တစ်ခုထဲ ခဏတစ်ဖြုတ်ပဲဖြစ်ဖြစ် ၀င်နေလိုက်ဖို့ ဘာကြောင့်များ ငါ မစဉ်းစားမိခဲ့သလဲ ဆိုတာကို မြို့လယ်ကောင် ပန်းခြံထဲရောက် လာမှ နောင်တရနေမိတယ်။ တကယ်ဆို ပန်းခြံတစ်ခုထဲ အမောပြေ၀င်နားဖို့ ငါ စဉ်းစားမိ သင့်ခဲ့တာပေါ့။ အခုတော့ မျက်စိရှေ့ပန်းခြံတစ်ခုတွေ့မှသာ ငါလည်း လှမ်းဝင်လိုက်မိတော့တယ်။ ပန်းခြံက အနည်းငယ်ကျယ်ဝန်းတဲ့ အထင်ကရ ပန်းခြံတစ်ခုပါ။ ဘုရားကျောင်းတစ်ခု မြို့တော်ခန်းမလို့ခေါ်တဲ့ ဆေးပြန်သုတ်ထားတဲ့ အရင်ခေတ်လက်ရာ အဆောက်အအုံကြီးတစ်ခုဘေး မြို့လယ်ကောင် နေရာမှာ ရှိနေတာ။ နောက်ပြီး လမ်းမအလယ်တည့်တည့် စေတီတစ်ခုနဲ့ ပန်းခြံဘေးမှာ ကိုလိုနီလက်ရာ အဆောက်အအုံအကြီးကြီး တစ်ခုလည်းရှိတယ်။ ဒီအဆောက်အအုံကိုတော့ ဆေးပြန်မသုတ်ထားသေးဘူးလို့ ငါထင်တယ်။ မြင်ရသလောက်တော့ ပန်းခြံဘေးက ကျပ်ညပ်နေတဲ့ အဆောက်အအုံတွေ ထက်စာရင် ပန်းခြံဟာ ကျယ်ဝန်းတယ်လို့တောင် ပြောရမယ်ထင်တယ်။ လမ်းပေါ်က ဆူညံသံတွေနဲ့ခဏတော့ ဝေးကွာသွားသလိုပဲ။ သက်သောင့်သက်သာပြန်ဖြစ်သွားတယ်လို့တောင် ထင်မိတယ်။ ဒါပေမဲ့ ပန်းခြံထဲမှာ တချို့နေရာတွေလောက်သာ အရိပ်ရပြီး အလယ်ကောင်က မြက်ခင်းပြင်ကြီးမှာတော့ နေရောင်နဲ့ ပူပြင်းနေပါသေးတယ်။ ပန်းခြံ အလယ်က အထိမ်းအမှတ်ကျောက်တိုင်ကြီး တစ်ခုကတော့ နေရောင်မှာ ထီးထီးကြီးဖြစ်နေတာပေါ့။

(၂)

ရှေ့မျက်နှာစာဘက်ခြမ်းက အလှပြုပြင်ထားတဲ့ အုတ်ရေကန်ပေါင်တစ်ခုပေါ် ခဏ၀င်ထိုင်လိုက်တယ်။ ဒီနေရာမှာတော့ အရိပ်နည်းနည်း ရနေတယ်လေ။ တခြားထိုင်နေသူ တချို့လည်းရှိတယ်။ ငါ့ကိုတောင် ပို့စ်ကတ်တွေရောင်းတဲ့ ဈေးသည်တစ်ယောက်က Water Colour Painting ဆိုပြီး သူ့လက်ထဲ ပလတ်စတစ်နဲ့ အတွဲလိုက်ကိုင်ထားတဲ့ Post Card သာသာ ကတ်ပြားလေးတွေ လာရောင်းနေသေးတယ်။ ငါ သိတာပေါ့။ အဲဒါပန်းချီကားတွေမဟုတ်ဘဲ Post Card ပုံစံလုပ်ထားတဲ့ ဓာတ်ပုံတွေပဲဆိုတာ။ ဘာမှတော့ပြန်မပြောဖြစ်ဘူး။ ရယ်ပဲ ရယ်နေလိုက်တယ်။ နောက်ပြီး အကြွေစေ့ကလေးတွေ။ သူတို့က တော့ ရှေးခေတ်ကသုံးတဲ့ အကြွေစေ့တွေလို့ ပြောတာပဲ။ ငါက ဘယ်လိုလုပ်သိမှာလဲ။  အကြွေစေ့တွေ ရှာဖွေစုဆောင်းတတ်တဲ့သူမျိုးမှ မဟုတ်တာ။ တချို့တွေတော့ အမှတ်တရအနေနဲ့ ၀ယ်ကြလိမ့်မယ်ထင်တယ်။ ဒါကြောင့်လည်း သူတို့ တကူးတက ရောင်းနေကြတာပေါ့။ ငါ ကောင်လေးကို ငါးရာကျပ်လို့ ရေးထားတဲ့ သူတို့ ငွေစက္ကူတစ်ရွက် ပေးလိုက်တယ်။ ငါ ပြုံးပြလိုက်မိတယ် ထင်တယ်။ ကောင်လေးအတွက် အကူအညီဖြစ်လိုဖြစ်ငြားပေါ့လေ။ ခက်တာက ငါ့ကို သူတို့ဘာသာ စကားမပြောတတ်တာနဲ့ပဲ ငတုံးငအကြီးလို့ ထင်နေတော့တာပဲ။ အဲဒါတော့ ငါလည်း မတတ်နိုင်ဘူးဟေ့။ ငါက အေးအေးလူလူ ဖြစ်ချင်လို့သာ ပန်းခြံထဲရောက်လာတာ မဟုတ်လား။

ပန်းခြံထဲမှာတော့ လွတ်လွတ်ကျွတ်ကျွတ် အရိပ်ရနေတဲ့နေရာတချို့မှာ ဟိုတစ်စု ဒီတစ်စု ထိုင်နေသူတွေများတယ်။ သမီးရည်းစားစုံတွဲ နှစ်တွဲလောက်သာ မြက်ခင်းပြင်ပေါ်က အပင်ပုလေးပေါ် ထီးလေးတစ်ချောင်းနဲ့ ကာပြီး ထိုင်နေကြတာ။ နေပူပူ မြက်ခင်းပြင် ပေါ် ထီးသေးသေးလေးတစ်ချောင်း ကာထားတဲ့ နေရာကွက်ကွက်လေးမှာ ထိုင်နေနိုင်တာ အံ့သြဖို့တောင် ကောင်းနေသေးတော့ကွာ။  နေစာလှုံနေတာတော့ မဟုတ်လောက်ဘူးဟ။ ဒီလောက်ပူနေတဲ့နေရာမှာ သူတို့ဘာသာတော့ အိုကေနေပုံတော့ရတယ်။ ဘာတွေးမိလိုက်တယ် မပြောတတ်ဘူး။ တစ်ချက်တော့ ရယ်ဖြစ်သွားတယ်။ ကိုယ်ဆိုရင် အဲဒီလို ထိုင်နေနိုင်မှာ မဟုတ်လောက်ဘူးလို့လည်း ထင်မိတယ်လေ။ သူတို့တိုင်းပြည်ရာသီဥတုနဲ့ သူတို့ ကျင့်သားရသွားတာကြောင့်လည်း ဖြစ်မှာ ပါ။ လူကတော့ ပန်းခြံထဲမှာ ခပ်ကျဲကျဲဖြစ်နေတုန်းပဲ။ ပန်းခြံက လမ်းမကြီးနှစ်ခု ဟိုဘက်ထိပ် ဒီဘက်ထိပ် ပေါက်တဲ့ပုံစံမျိုး လေးထောင့်စက်စက်ပုံမျိုးအကျယ်ကြီးလေ။ပန်းခြံလို့ဆိုပေမယ့် အပင်တွေကိုတော့ ဘေးတစ်ဖက် တစ်ချက်နဲ့ နောက်ဘက်မှာပဲ စီတန်းစိုက်ထားတာ။ ရှေ့မျက်နှာစာမှာတော့ ပိုက်တွေနဲ့ရေ ပန်းထွက်အောင် လုပ်ထားတဲ့ အုတ်ရေကန် နှစ်ခုနဲ့ မြက်ခင်းကြီးပဲရှိတယ်။ မြက်ခင်းကြီးရဲ့ အလယ်တည့်တည့်မှာ ကျောက်တိုင်ကြီး တစ်တိုင်ရှိတယ်။ ကျောက်တိုင်ဆီသွားလို့ ရအောင် လေးဖက်လေးတန် လူလျှောက် လမ်းလေးလုပ်ထားပါတယ်။ မြက်ခင်းကြီး ဘေးပတ်လည်ကတော့ လူသွားလမ်းကျယ်ကျယ်ကြီးပေါ့။ တကယ်တော့ ကျောက်တိုင်ကြီးရယ် မြို့တော်ခန်းမဆိုတာကြီးရယ် ရှိနေလို့သာ ပန်းခြံအဖြစ် ဖန်တီးထားပုံရပါတယ်။ မဟုတ်ရင် ဒီနေရာလည်း ဘေးကကျပ်ညှပ်နေတဲ့ လမ်းတွေလို ဖြစ်သွားလောက်ပြီလို့ ငါထင်တယ်။

(၃)

ကျောက်တိုင်ကြီးကိုတော့ ဆေးအထပ်ထပ် ပြန်သုတ်ထားတာ သစ်လွင်နေတယ်လို့ ထင်စရာပဲ။ သူတို့တိုင်းပြည်ရဲ့ အထင်ကရ လွတ်လပ်ရေး ကျောက်တိုင်ကြီးဆိုတော့ အမြဲတမ်း သစ်လွင်နေအောင် ဖန်တီးထားပုံရတယ်။ ဒါပေမဲ့ ဒီမှာပြည်တွင်းစစ်ပွဲတွေဖြစ်နေတာကလည်း အဲဒီလွတ်လပ်ရေးရပြီး ကတည်းကပဲတဲ့။ ငါတွက်ကြည့်တာ နှစ်ပေါင်း ၇၀ တောင်ရှိနေပြီ။ အခုအချိန်တွေ အထိကို တိုက်ပွဲတွေက ဖြစ်နေကြဆဲပဲတဲ့လေ။ ငါ ဖတ်ဖူး ကြားဖူးသမျှ အကြာဆုံး ပြည်တွင်းစစ်တစ်ခုပေါ့။ ကျောက်တိုင်ရဲ့ လေးဖက်လေးတန်မှာတော့ အရှေ့တိုင်းလက်ရာ ပုံစံခြင်္သေ့ရုပ်တွေနဲ့ ခံ့ညားအောင် လုပ်ထားတယ်။ ငါ သတိထားမိသလောက် ဒီကနေရာတိုင်း အဲဒီလို ခြင်္သေ့ရုပ်တွေ တွေ့ရတာပဲ။  သူတို့ရဲ့ အထင်ကရစေတီတွေမှာလည်း ခြင်္သေ့ရုပ်တွေရှိတာပဲ။ တချို့တိုင်းပြည်တွေမှာလည်း ဒီလိုခြင်္သေ့ရုပ်မျိုး တွေ့ရတတ်ပေမယ့် ဒီမှာတော့ ပိုများမယ်ထင်တယ်။ နောက်ဆုံး သူတို့သုံးစွဲတဲ့ ငွေစက္ကူတော်တော်များများ မှာလည်း ခြင်္သေ့ရုပ်နဲ့ပဲ။ သူတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အမှတ်အသားတစ်ခုလားဆိုတာတော့ ငါလည်း မမေးဖြစ်သေးဘူး။ ဒါပေမဲ့  ဒီကလူတွေ စည်းကမ်းမရှိကြဘူးကွာ။ ကျောက်တိုင်ကြီးဘေးက ခြင်္သေ့ရုပ်တွေမှာ မင်ဖျက်ဆေးနဲ့ရေးထားတဲ့စာတွေက ရှုပ်ပွနေတာပဲ။ ငါတို့ဆီမှာဆို ဘယ်သူမှ အဲဒီလို လုပ်မှာ မဟုတ်လောက်ဘူးလေ။ လုပ်ရင်လည်း စည်းကမ်းမရှိတဲ့ကိစ္စနဲ့တင် အဖမ်းခံရ ဒဏ်ငွေဆောင်ရဖို့က ကျိန်းသေတယ် မဟုတ်လား။

ပန်းခြံထဲကို လူငယ်တွေပဲ အများဆုံးဝင်လာတာပါ။ လူငယ်ဆိုတာ ဆယ်ကျော်သက်  အရွယ်တွေဆိုပါတော့။ ဒါမှမဟုတ် ကလေးပါတဲ့ မိသားစုတွေနဲ့ စုံတွဲတွေ။ လူငယ်တွေကတော့ နှစ်ယောက်၊ သုံးယောက်တစ်တွဲနဲ့ အုပ်စုလိုက်တွေများတယ်။ စာသင်ခန်း တစ်ခုခုက လွှတ်လိုက်တဲ့ပုံမျိုး ဒါမှမဟုတ် ရုံးယူနီဖောင်းဝတ်ထားတဲ့ ၀န်ထမ်းလိုလိုတွေလည်း အများအပြားတွေ့ရတယ်။ ညနေခင်း ရုံးဆင်းချိန်ဖြစ်တာရယ် ပန်းခြံရှေ့က ဘတ်စ်ကား မှတ်တိုင်ကြီးကြီးတစ်ခုရယ်ကြောင့် ပန်းခြံက  စိတ်ပြေလက်ပျောက် ခဏ ၀င်လမ်းလျှောက် ချင်စရာဖြစ်နေတာတော့အမှန်ပဲ။ပန်းခြံထဲ  ၀င်လာတဲ့သူတွေအကုန်လုံးကတော့ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ပေါ့။သမီးရည်းစားတွေကလည်း ကြည်ကြည်နူးနူး ကလေးလေးတွေကလည်း အော်ဟစ်ခုန်ပေါက်လို့ပေါ့။ ပန်းခြံအနောက်ဘက်မှာ ကလေးတွေကစားလို့ရတဲ့နေရာလည်း ရှိတယ်လေ။ သူတို့ကတော့ ရည်ရွယ်ချက်ရှိရှိ လာကြတာဖြစ်မှာပါ။ ကလေးဆိုတာ ကစားကွင်းကျယ်ကျယ်မှာ ကစားချင်မှာပဲ မဟုတ်လား။ ဒါပေမဲ့ ကလေးကစားကွင်းတွေကို ရပ်ကွက်ထဲမှာ များများစားစားမတွေ့ဘူး။ ဈေးဝယ်စင်တာကြီးတွေလို နေရာမျိုးမှာသာ အခကြေးငွေဈေးကြီးကြီး ပေးပြီးဝင်ရတဲ့ ကစားကွင်းတွေသာ မြင်ရတယ်။

(၄)

ပန်းခြံထဲ ၀င်လာတဲ့သူတွေ တဖြည်းဖြည်း ပိုများလာတယ်။ ရုံးဆင်းချိန် ညနေစောင်းဖြစ်လို့လားမသိဘူး။ အုပ်စုလိုက်တွေလည်း လာကြတယ်။ အိမ်ပြန်ချိန်ရောက်နေပြီ ထင်ပါတယ်။ နောက်ပြီး ငါရောက်စကတည်း က တစ်ချိန်လုံး လိုက်ကြည့်နေ၊ သတိထားမိတာကတော့ ပန်းခြံထဲရောက်လာတဲ့ ပျိုပျို ရွယ်ရွယ် ဘယ်သူမဆို လက်ကိုင်ဖုန်းလေးတွေထုတ်ပြီး ဓာတ်ပုံရိုက်ကြတာပဲ။ တစ်ယောက်တည်းလာတဲ့သူကလည်း တစ်ယောက်တည်း နေရာမျိုးစုံမှာရိုက်တယ်။ နှစ်ယောက်တွဲ၊ သုံးယောက်တွဲတွေကလည်း ပုံစံအမျိုးမျိုး နဲ့ကို ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံမရိုက် ဘဲ ပန်းခြံထဲက ပြန်ထွက်သွားတဲ့သူဆိုလို ငါ ခုချိန်ထိ တစ်ယောက်တလေလေးတောင်မှ မတွေ့ရသေးဘူး။ ဘာကြောင့်များလဲပေါ့။ အဲဒါကို သတိထားမိတော့ ဒီနေ့ အထိမ်းအမှတ်နေ့ တစ်ခုခုလား ထူးထူးခြားခြားပြင် ဆင်ထားတာများ ရှိနေမလားဆိုပြီး ငါတောင် ဇဝေဇ၀ါ ဖြစ်သွားခဲ့သေးတယ်။ ဒါပေမဲ့ အားလုံးကတော့ ပုံမှန်ပါပဲ။ ငါတောင် အံသြပြီး လက်ထဲက ကင်မရာနဲ့ ဓာတ်ပုံရိုက်ရမှာတောင် ကြောင်တက်တက်ဖြစ်လာမိတယ်။ဘာရယ်မဟုတ်ပါဘူး။ ငါ့ကိုများ တောသားကြီးဆိုပြီး တမင်လာပြောင်နေကြတာလားလို့ လေ။ မြို့လယ်ကောင်က ၀င်ခလုတ် ထိခလုတ် နေရာကြီးမှာဗျာ။ နေ့တိုင်းလိုလို ရောက်နေတဲ့ နေရာတစ်ခုမှာ သူတို့မို့ ဓာတ်ပုံအများကြီး ရိုက်နိုင်တယ်။ ငါကတော့ ထားပါတော့။ သူတို့က ဘာဖြစ်လို့ လူတိုင်းဓာတ်ပုံတွေ ထုတ်ရိုက်နေကြတာလဲတဲ့။ နောက်မှ ငါ စဉ်းစားမိတာ။ Facebook ပေါ် တင်မလို့နဲ့တူတယ်လို့။ ဒီက ငါ့မိတ်ဆွေတချို့လည်း Facebook ပေါ် ဓာတ်ပုံတွေအများကြီး တင်တတ်ကြတယ်လေ။

ပန်းခြံကြီးဘေးမှာ ညဈေးတန်းလို့ ခေါ်တဲ့ စားသောက်တန်းတစ်ခုရှိတယ်။ သေသေချာချာ လုပ်ထားတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။ ရှိသမျှ လမ်းဘေးဈေးသည်တွေကို စုပြုံပစ်ထည့်ထားသလိုပဲ။ စနစ်တကျ စီမံတဲ့ပုံလည်းမရတော့ ညစ်ပတ်ရှုပ်ပွနေပါလေရော။ ဆိုင်နေရာတွေကလည်း ကျပ်ကျပ်ညပ်ညပ် အနံ့အသက်တွေကလည်း မွှန်လိုက်ပါဘိသနဲ့။ ငါလိုလူတောင် အဲဒီနေရာကို လမ်းလျှောက်ဖို့ စိတ်မ၀င်စားဘူးလေ။ ဒီက ညတန်းဈေးတွေဟာ တစ်နေရာတည်း စုလိုက်တာပဲရှိတယ်။ အဆင်ပြေပြေ ဖြစ်သွားတယ်ဆိုတာတော့ မမြင်မိဘူး။ ဒီက လူတချို့ကတော့ ညဈေးတန်းကိုမှ အပန်းဖြေလမ်း လျှောက်ထွက်ကြသတဲ့။ ထားပါတော့။ ငါ လည်း ပန်းခြံထဲမှာ ထိုင်နေတာ အချိန်ကြာ သွားပြီမဟုတ်လား။ တချို့လည်း ပြန်ထွက်သွားကြပြီး အတွဲတချို့လည်း ထပ်ဝင်လာကြတယ်။ အချိန်ရှိတုန်း ဟိုးက ကိုလိုနီခေတ် လက်ရာအဆောက်အအုံကြီးကို နေလုံးမ၀င် ခင် အမှောင်မလာခင် ဓာတ်ပုံရိုက်ထားဦးမှပဲလို့တွေးမိပြီး ငါ ထိုင်နေရာက ထရပ်လိုက်တယ်။ အဲဒီအဆောက်အအုံကြီးက ရုံးတစ်ခုအနေနဲ့ ဆက်သုံးနေသေးတဲ့ပုံတော့ ရပါတယ်။ ဒါပေမဲ့ အထိမ်းအမှတ်ဆိုင်းဘုတ် တစ်ခုခု ထောင်ထားတာတော့ မတွေ့ခဲ့ရဘူး။ ငါ တည်းခိုတဲ့ ဟိုတယ်ရောက်မှ တစ်ယောက်ယောက်ကို မေးကြည့်ရတော့မှာပဲ။ခုလော လောဆယ်တော့ ရောက်တုန်းရောက်ခိုက်  ကျောက်တိုင်ကြီးရယ်၊ မြို့တော်ခန်းမကြီးရယ်၊ ဘုရားကျောင်းရယ်၊ ဒီအဆောက်အအုံကြီးရယ် ဓာတ်ပုံတွေ ရနိုင်သလောက် မြန်မြန်ရိုက် ယူထားရဦးမယ်ဟေ့။ ဒါပေမဲ့ သူတို့တွေ ဆယ်ဖီရိုက်သလို ငါ့ပုံရိပ်တော့ ပါမှာမဟုတ်ဘူးပေါ့။

နည်းပြနှင့် ကစားသမားကြားတွင် သူငယ်ချင်းကောင်း ဆက်ဆံရေးမျိုးရှိရန်မလိုအပ်ဟု ပေါ့ဘာ ဖွင့်ဟ

မန်ယူအသင်း၏ကွင်းလယ်လူ ပေါ့ဘာက နည်းပြတစ်ဦးနှင့် ကစား သမားတစ်ဦးကြားတွင် ရင်းနှီးသည့် သူငယ်ချင်းဆက်ဆံရေးမျိုးရှိရန် မလို အပ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

မော်ရင်ဟိုနှင့် ၎င်းတို့အကြား ရှိ ဆက်ဆံရေးကို မေးမြန်းရာတွင် ပေါ့ဘာက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်ပြီး မော်ရင်ဟိုနှင့် သူ၏အကြား ပကတိအခြေအနေကို တစ်စွန်းတစ်စ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

”ကျွန်တော် ကစားခွင့်ရတဲ့အချိန်တွေ အများကြီး ပါ၊ ဒီလိုပဲ အရန်ခုံမှာထိုင်ရတဲ့ အချိန် လည်း ရှိတာပဲ။ လူတွေက ဒါနဲ့ပတ် သက်ပြီး အကျယ်တ၀င့် ပြောနေကြ တယ်။ ကျွန်တော့်မှာလည်း စိတ်ကသိ ကအောက် ဖြစ်ရတာတွေရှိတယ်။ ဒါ ပေမဲ့ ဘောလုံးကသာ အရေးအကြီး ဆုံးပါ။ သူ (မော်ရင်ဟို) ကျွန်တော့်ကို အရန်ခုံ ထိုင်ခိုင်းရင်လည်း  ကျွန်တော် ဒါကို လေးစားရမယ်။ ဒါပေမဲ့ နည်းပြ နဲ့ ကစားသမားကြားမှာ သူငယ်ချင်း ကောင်းဆက်ဆံရေးမျိုးရှိဖို့ မလိုအပ် ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန် တော်တို့ နှစ်ယောက်ကြားမှာ စား သောက်ဆိုင် အတူ ထိုင်တာမျိုးလည်း မရှိဘူး”ဟု ပေါ့ဘာက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်း၏အနာဂတ် နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ PSG အသင်းနှင့် သတင်းများကိုလည်း ငြင်းဆန်ခြင်း မရှိခဲ့ကြောင်း သိရ သည်။

”အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်အရာကိုမှ ကြိုပြောလို့မရပါ ဘူး။ စာချုပ်သက်တမ်းအရဆိုရင် တော့  ကျွန်တော် သေချာပေါက်ရှိနေ ဦးမှာပါ”ဟု ဖြေကြားခဲ့သည်။

မော်ရင်ဟိုနှင့်ရင်းနှီးသည့်ဆက် ဆံရေးမရှိသော်လည်း ၎င်း၏သင်ကြားမှုကြောင့် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်ခဲ့ကြောင်း ပေါ့ဘာက ဆက်လက်ပြောကြားခဲ့သည်။