<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းနှင့် မဆုံတွေ့လိုဟု ဘာစီလိုနာအသင်း နည်းပြ ဗယ်လ်ဗာဒီ ၀န်ခံ

ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ဗယ်လ်ဗာဒီက ပြီးခဲ့သည့် ICC ပွဲတွင် မန်ယူအသင်းအား အနိုင်ရရှိခဲ့သော်လည်း လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းနှင့် မဆုံတွေ့လိုကြောင်း သုံးသပ် ပြောကြားသွားခဲ့သည်။

ယင်းပွဲတွင် ဘာစီလိုနာအသင်းက နေမာ၏ ပထမပိုင်းသွင်းဂိုးဖြင့် မန်ယူအသင်းကို အနိုင်ရရှိခဲ့ပြီး ပထမပိုင်းတွင် ခြေစွမ်းအသာစီးမှ ကစားကာ ဂိုးသွင်းခွင့်များစွာကိုလည်း ဖန်တီးနိုင်ခဲ့သည်။ သို့ရာတွင် ဒုတိယပိုင်းတွင်မူ မန်ယူအသင်းက ပိုမိုခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းသည် ချေပဂိုးမပေးရရန်အတွက် ရုန်းကန်ခဲ့ရသည်။

ယင်းအတွက်ကြောင့် ဗယ်လ်ဗာဒီက “နောက်ပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်းရဲ့ကစားပုံ မကောင်းခဲ့ပါဘူး။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ကို ပြန်ရောက်လာပါပြီ။

လက်ရှိအချိန်မှာလည်း သူတို့အသင်းဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ပုံစံကို ပြသနေပါတယ်။ ကျွန်တော့်အထင်တော့ သူတို့အသင်းဟာ အနိုင်ယူဖို့ အရမ်းခက်ခဲတဲ့အသင်းတစ်သင်း ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ အနိုင်ယူဖို့ခက်ခဲပြီး ချန်ပီယံဖလားကို မျှော်လင့်နိုင်တဲ့ အသင်းဖြစ်နေပါပြီ။ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းနဲ့ ကျွန်တော် ရင်မဆိုင်ချင်ပါဘူး” ဟု ဆိုခဲ့သည်။