မူဆယ်မြို့တွင် ကမ္ဘောဇဘဏ် မီနီဘဏ်ခွဲ (၃) ဖွင့်လှစ်ထားသည့်နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မနှင့် တူမတို့ သေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊မူဆယ်မြို့တွင် ယနေ့(မေလ ၁၇ ရက်) နံနက် ၂ နာရီ ၄၅ မိနစ်က ကမ္ဘောဇဘဏ် မီနီဘဏ်ခွဲ (၃) ဖွင့်လှစ်ထားသည့် နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မနှင့် တူမတို့ ယင်းမီးလောင်မှုအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေအိမ်သည် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး ၊ ကံ့ကော်လမ်းခွဲအနီး၊ အိမ်အမှတ် ဟ-၃/၈၉ ၊ဒေါ်နန်းခေါင်၏ အလျား ၄၀ ပေ အနံ ၂၀ ပေရှိ နံကပ်၊ အုပ်ညှပ်၊သွပ်မိုးနှစ်ထပ် နေအိမ်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေအိမ်တွင် ပေ (၂၀ x ၂၀) ပေစီ အခန်းကာရံထားရှိကာ မီးစတင်လောင်သည့် အခန်းတွင် အိမ်ရှင်မိသားစု နေထိုင်ပြီး အခြားအခန်းတွင် ကမ္ဘောဇဘဏ်၊ မီနီဘဏ်ခွဲ (၃) ကို ငှားရမ်းထားကြောင်း သိရသည်။

“မီးလောင်မှုဖြစ်တဲ့အချိန်က တကယ့်ကို အိပ်မောကျနေတဲ့အချိန် ဆိုတော့ မီးတွေ တော်တော်လောင်မှ သိကြတယ်။ သိတဲ့အချိန်မှာ မီးက တော်တော်ကို လောင်ပြီးနေပြီ၊ မီးလောင်တဲ့ အိမ်ကလည်း ကုန်ခြောက်တွေရယ်၊ ဆေးပစ္စည်းတွေ ရောင်းတယ်၊ အဲ့အိမ်မှာနေတဲ့ နှစ်ဦးစလုံး သေဆုံးသွားတယ်၊ မီးလောင်တဲ့ အိမ်ရဲ့တစ်ခြမ်းကို ကမ္ဘောဇဘဏ်၊ မီနီဘဏ်ခွဲ ဖွင့်လှစ်ထားပြီး အဲ့ဒီဘဏ်လည်း မီးလောင်တဲ့အထဲ ပါသွားပါတယ်” ဟု မီးလောင်သည့် နေအိမ်အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ဒေသခံ တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ဒေါ်နန်းခေါင်၏ နေအိမ် တစ်လုံး၊ ခန့်မှန်းတန်ဘိုး ကျပ်သိန်း (၆၀) ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မဖြစ်သူ ဒေါ်နန်းခေါင် ၇၆ နှစ်နှင့် တူမဖြစ်သူ ဒေါ်နန်းရွှေဌေး ၅၂ နှစ် တို့ နှစ်ဦးသည် မီးလောင်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀) ဦး စုစုပေါင်း ၁၅၀ ဦး၊ မီးသတ်ယာဉ် ၁၅ စီး၊အုပ်ချုပ်မှုယာဉ် ၅ စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ရေခဲသေတ္တာ SafeGuard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး မူဆယ်မြို့မရဲစခန်းတွင် (ပ) ၁၇၃/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ -၂၈၅ အရ အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Writer: 
ထွန်းနေလှိုင်(နောင်ပိန်)