<

ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲတွင် မြန်မာအသင်း သုံးပွဲဆက်အနိုင်ရ

 

ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် သြဂုတ် ၂၅၊ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စုပွဲစဉ်များတွင် သုံးပွဲဆက် အနိုင်ရခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို သြဂုတ် ၂၅ ရက်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းအား (၂-၁)ပွဲဖြင့် အနိုင်ရခဲ့သည်။ သြဂုတ် ၂၆ ရက်တွင်မူ နှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပွဲတွင် လာအိုအသင်းကို နှစ်ပွဲပြတ်နှင့် ဒုတိယပွဲတွင် အိမ်ရှင်မလေးရှား အသင်းကို နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် သြဂုတ် ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘောဒီးယားနှင့်ပွဲတွင် အနိုင်ရရုံဖြင့် ရွှေတံဆိပ်ဆွတ်ခူးရရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်ပြီး အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၁၅ ခုနှစ် စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ရရှိထားသည်။

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း/ခြင်းလုံးအားကစားနည်းတွင် ရွှေတံဆိပ် ၁၂ ခု ချီးမြှင့်မည်ဖြစ်ပြီး မြန်မာ ပိုက်ကျော်ခြင်း/ခြင်းလုံးအသင်းသည် ရွှေတံဆိပ် သုံးခုနှင့် ငွေတံဆိပ် နှစ်ခုဆွတ်ခူးရရှိ ထားကြောင်း သိရသည်။

မြန်မာပိုက်ကျော်ခြင်း/ခြင်းလုံးအဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို အမျိုးသားခြင်းလုံးအသင်းက Event 2 နှင့် Event 4 အမျိုးအစားတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲတွင် အမျိုးသမီးအသင်းကလည်းကောင်း ရယူပေးထားပြီး ငွေတံဆိပ်နှစ်ခုကို ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ နှင့် လေးယောက်တွဲအမျိုးသားပြိုင်ပွဲ၌ ရရှိထားခြင်းဖြစ်သည်။

ရွှေတံဆိပ်ဆွတ်ခူးရရှိရန် အလားအလာကောင်းနေသည့် မြန်မာပိုက်ကျော်ခြင်းအသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

နှစ်ယောက်တွဲပိုက်ကျော်ခြင်း အမျိုး သား၊ အမျိုးသမီးပြိုင်ပွဲမှာ မြန်မာအသင်း၏ နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး သုံးယောက်တွဲပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။

August 26, 2017














Copy Protected by Chetan's WP-Copyprotect.