တပ်မတော် (လေ) ဗိုလ်မှူးတစ်ဦး အပါအ၀င် ငါးဦး သေဆုံးခဲ့သည့် တပ်မတော် လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အပါအ၀င် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆမှုများ

တပ်မတော် (လေ) မှ ဗိုလ်မှူးတစ်ဦး အပါအ၀င် ငါးဦး သေဆုံးခဲ့သည့် တပ်မတော် လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အပါအ၀င် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆမှု ဖြစ်စဉ်များအား ၂၀၁၆ ခုနှစ်၏ ထူးခြားဖြစ်စဉ်အဖြစ် ထည့်သွင်း ဖော်ပြအပ်ပါသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က လယ်ဝေးမြို့နယ် ကြံခင်းကျေးရွာအနီး တပ်မတော်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဗိုလ်မှူးတစ်ဦး အပါအ၀င် လေးဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ နေပြည်တော် တပ်မတော် ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့သည်။

တပ်မတော် (လေ) မှ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ် အမျိုးအစားဖြစ်သည့် Beech 1900 D လေယာဉ်မှာ နေပြည်တော် လေဆိပ်မှ စတင် ပျံသန်းလာခဲ့ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်မှ ပေ ၂၀၀၀ အကွာခန့်တွင် ပျက်ကျခဲ့သည်။

အဆိုပါလေယာဉ် ပျက်ကျမှုကြောင့် လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက် လေသူရဲများ ဖြစ်ကြသော ဗိုလ်ကြီး ထင်ကျော်စိုး၊ ဗိုလ်ကြီး အောင်ပိုင်စိုး၊ လေယာဉ် အဖွဲ့သားများ ဖြစ်သော အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေးနှင့် ဒုတပ်ကြပ် လှဝင်းထွန်းတို့ သေဆုံးခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အခြား လေယာဉ် မတော်တဆမှု ဖြစ်စဉ်များမှာ မတ် ၄ ရက် နံနက်က ရွှေမြန်မာ လေကြောင်းလိုင်း၏ ရန်ကုန်-ညောင်ဦး ခရီးစဉ် အမှတ် Y5-101၊ လေယာဉ်အမှတ် XY-AJS သည် ခရီးစဉ် ပျံသန်းရန် လေယာဉ်ပြေးလမ်းမှအတက် ညာဘက်အင်ဂျင် အပူချိန်မှာ ကန့်သတ်ချက်ထက် ကျော်လွန် မြင့်တက်လာသဖြင့် ဆက်လက် ပျံတက်ခြင်း မပြုတော့ဘဲ လေယာဉ်ကို အရှိန်ရပ်တန့်၍ ပြန်လည် ဆင်းသက်ရန် ပြုလုပ်ခဲ့သည်။

လေယာဉ် အရှိန်သေပြီး Taxi Way သို့ ဆက်လက် ထွက်ခွာလာရာတွင် သာမန်အလျင် မရသဖြင့် လေယာဉ်မှူးက လေယာဉ်အား Taxi Way တွင် ရပ်ပြီး ဆင်းကြည့်ရာ လေယာဉ်ဘယ်ဘက် ဘီးနှစ်ခုလုံးမှ မီးခိုးများ ထွက်ပြီး မီးတောက် အနည်းငယ် ထွက်လာသဖြင့် လေယာဉ် မီးသတ်ဘူးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းသက်စေခဲ့ကြောင်း သိရသည်။

ယင်းသို့ လေယာဉ် မတော်တဆမှု ဖြစ်ပွားမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် တစ်ဦးမှာ လေယာဉ်ပေါ်မှ ဆင်းသက်ရာ တိုးဝှေ့မှုကြောင့် ခြေထောက် အနည်းငယ် ထိခိုက်မှု ရှိပြီး အခြား ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီ ၇ ရက် နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဟဲဟိုး-တာချီလိတ်-ဟဲဟိုး ခရီးစဉ် ပျံသန်းမည့် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AJZ လေယာဉ်သည် ရန်ကုန်မြို့မှ ဟဲဟိုးမြို့သို့ ပျံသန်းနေစဉ် လေယာဉ်၏ ရှေ့ဦးခေါင်းပိုင်း (ဘယ်ဘက်) နှင့် ငှက်များ တိုက်မိခြင်းကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၁ နာရီ ၃၅ မိနစ်တွင် ပြန်လည် ဆင်းသက်ခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ခရီးသည် တစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီ ၁ မိနစ်က ရန်ကုန်မြို့မှ မာန်အောင်မြို့သို့ ထွက်ခွာလာသည့် မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် Grand Caravan လေယာဉ်သည် မာန်အောင်မြို့သို့ ဆင်းသက်စဉ် ပြေးလမ်းပေါ် အရောက် ပေ ၂၀၀၀ ခန့်တွင် လေယာဉ်ဘီးပေါက်၍ ပြေးလမ်း၏ ညာဘက်သို့ ချော်ထွက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ လေယာဉ်တွင် ခရီးသည် အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး၊ သံဃာတော် တစ်ပါး စုစုပေါင်း ခရီးသည် ရှစ်ဦးနှင့် လေယာဉ်အမှုထမ်း သုံးဦး လိုက်ပါလာခဲ့ပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်း တစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က မင်္ဂလာဒုံ လေတပ်စခန်းအတွင်း F7 တိုက်လေယာဉ် တစ်စင်း ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်ခဲ့သည်မှာ F7 အမျိုးအစား တိုက်လေယာဉ်တစ်စင်း ဖြစ်ပြီး စက်နှိုး စမ်းသပ်ရာမှ အင်ဂျင်ခန်းအတွင်း ၀ိုင်ယာကြိုးများ ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

ယင်းလေယာဉ်မှာ အကြီးစား ပြင်ဆင်ရန်အတွက် မြေပြင်၌ ရပ်နားထားရှိပြီး စက်နှိုးစမ်းသပ်ရာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူထိခိုက် ဒဏ်ရာရမှု မရှိကြောင်းနှင့် မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းအား ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Writer: 
ရွှန်းလဲ့ဝင်း