<

မြစ်ရေကြီးမှုသုံးကြိမ်ဖြင့် ထိုးနှက်ခံလိုက်ရသည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ပြည်သူများ

မကွေးတိုင်း မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ရေ၀င်ရောက်နေသည့် ကလေးပြုစုရေးကျောင်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးနှစ်စင်းဖြစ်သော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့တွင် ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လူအများအပြား ရေဘေးသင့်ခဲ့ရကာ လယ်ယာသီးနှံစိုက်ခင်း ဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် မြို့နယ်အများအပြားတွင် ၂၀၁၇ ခုနှစ်၌ ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု ၁၀၀၀၀ ကျော်နှင့် ရေဘေးဒုက္ခသည် ခုနစ်သောင်းကျော်အထိရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်နှစ်ခုကြောင့် ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မြောင်မြို့တို့တွင် လူနေအိမ် ၅၀ ခန့် ရေထဲမျောပါခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုတွင် လယ်ဧကရှစ်သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး မိုးစပါးစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ဒုတိအကြိမ် ရေကြီးရေလျှံမှုမှာ သြဂုတ်လတတိယပတ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေ၀င်ရောက်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ၊ ရေစကြို၊ ရေနံချောင်း၊ မင်းဘူး၊ မင်းလှ၊ အောင်လံ၊ သရက်၊ ကံမမြို့နယ်များတွင် လူအများအပြားကို ရွှေ့ပြောင်းခဲ့ရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း မြို့နယ်အများအပြားတွင်း ဧရာဝတီမြစ်ရေနှင့် င၀န်မြစ်ရေတို့ စိုးရိမ်ရေအမှတ်နားသို့ ရောက်ရှိလာခဲ့သည်။

ဇူလိုင် ၁ ရက်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်အများစုတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၂၅ ရက်အထိ ယာယီကယ်ဆယ်ရေးစခန်းများသို့ စုစုပေါင်းဘေးသင့် အိမ်ထောင်စု ၈၂၁၁၄ စုမှ လူဦးရေ ၃၃၅၆၃၅ ဦး ပြောင်းရွှေခဲ့ရကြောင်း သိရသည်။

ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ပဲခူး၊ ကရင်၊ ဧရာဝတီ၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေတိုးခြင်းတို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၃ ခုနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ အိမ်ခြေ ၈၇၆၂၇ ရေ၀င်ခဲ့ပြီး မျောပါသည့်နေအိမ် ၃၁၉ လုံးနှင့် ပြောင်းရွှေ့နေအိမ် ၆၅၅၅၇ လုံးရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် မန္တလေးတိုင်းဒေသကြီးတွင် လေးဦးအထိ သေဆုံးမှုနှုန်းအများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ဦး၊ ချင်းပြည်နယ်နှစ်ဦးနှင့် ရှမ်းပြည်နယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက စုစုပေါင်း ကျပ်သိန်းငါးထောင်ခန့် ထောက်ပံ့ပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

December 25, 2017














Copy Protected by Chetan's WP-Copyprotect.