<

ရန်ကုန်မြစ်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး စာမျက်နှာသစ်ဖွင့်လိုက်သည့် Yangon Water Bus

ဝေဖန်မှုများရှိခဲ့သည့် ရန်ကုန်မြစ် ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်အဖြစ် Yangon Water Bus ပထမအဆင့်အနေဖြင့် ရေယာဉ်ငါးစင်းအသုံးပြုကာ အင်းစိန်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ပြေးဆွဲမှုကို အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့ခြင်းသည် ၂၀၁၇ ခုနှစ်၏ ထူးခြားဖြစ်စဉ်တစ်ရပ်အဖြစ် ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

Yangon Water Bus ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်းတွင်ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Yangon Water Bus စတင်အကောင်အထည်ဖော်ရာတွင် တင်ဒါအောင်ကုမ္ပဏီက ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ဆောင်မှုမျိုးမဖြစ်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုခရီးစဉ်ကြောင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို တစ်စုံတစ်ရာ ပြေလျော့သွားနိုင်မည့် အခြေအနေများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် Yangon Water Bus ပြေးဆွဲရန် မှတ်တိုင်ခုနစ်မှတ်တိုင်ရှိကြောင်း၊ Jetty များတွင်လည်း မြေပုံကားချပ်များပြုလုပ်ထားပြီး ဆိုက်ရောက်မည့်အချိန်ကို ကြေညာထားကြောင်း၊ လုံခြုံရေးဝန်ထမ်းများနေသည့် အဆောင်နားတွင်လည်း GPS System TV တစ်လုံးထားရှိထားမည်ဖြစ်ပြီး အဆိုပါ TV မှ သင်္ဘောဆိုက်ရောက်မည့်ပုံကို အမြဲတမ်းကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ဆက်လက်ပြောကြားသည်။

Yangon Water Bus သင်္ဘောတစ်စင်းတွင် ၀န်ထမ်းလေးဦးမှ ရှစ်ဦးအထိထားရှိပြီး ရေယာဉ်တစ်စင်းတွင် လူ ၁၄၀ မှ ၂၃၀ အထိဆံ့ကြောင်း၊ နံနက် ၆ နာရီ ၅၅ မိနစ်မှ စတင်ပြေးဆွဲနေကြောင်း၊ အမြန်ရေယာဉ်နှင့် ရိုးရိုးဆိုပြီး နှစ်ပိုင်းခွဲထားကြောင်း၊ အမြန်ရေယာဉ်သည် ပြည်ပမှာယူထားခြင်းဖြစ်ပြီး ရိုးရိုးရေယာဉ်သည် ပြည်တွင်း၌တည်ဆောက်ထားသော သင်္ဘောများဖြစ်ကြောင်း၊ တစ်နေ့လျှင် ခေါက်ရေ ၁၂ ခေါက်ဝန်းကျင်ပြေးဆွဲနေကြောင်း သိရသည်။

Yangon Water Bus စီးနင်းမည့်သူများအနေဖြင့် သင်္ဘောဆိပ်ရှိ Ticker Counter များတွင် Anypay Card များ ၀ယ်ယူစီးနင်းရမည်ဖြစ်ပြီး သင်္ဘောပေါ်၌ လက်မှတ်ရောင်းချမည်မဟုတ်ကြောင်း၊ Safety အတွက် Life Jacket များထားရှိပြီး သင်္ဘောပေါ်တွင် အသက်ကယ်ဖောင်များလည်းထားရှိကြောင်း သိရသည်။

Yangon Water Bus သည် လက်ရှိတွင် ခရီးသည် ၁၂၀ ဆံ့ ပြည်တွင်းထုတ် သင်္ဘောခုနစ်စင်း၊ သြစတြေးလျနိုင်ငံမှ ၀ယ်ယူထားသည့် ခရီးသည် ၂၀၀ ဆံ့ သင်္ဘောတစ်စင်း စုစုပေါင်းရှစ်စင်းဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

ထို့ပြင် သြစတြေးလျနိုင်ငံမှ ၀ယ်ယူထားသည့် လူဦးရေ ၂၀၀ ဆံ့ သင်္ဘောနှစ်စင်းနှင့် ထိုင်းနိုင်ငံတွင် တည်ဆောက်ခဲ့သည့် လူဦးရေ ၆၀ ဆံ့သင်္ဘောသုံးစင်း စုစုပေါင်းငါးစင်း ထပ်တိုးပြေးဆွဲနိုင်ရန် ဆောင်ရွက်နေပြီး အဆိုပါငါးစင်းအတွက် လိုအပ်သည့်လိုင်စင်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ Yangon Water Bus များပြေးဆွဲနေပြီဖြစ်ရာ စီးနင်းသူများအနေဖြင့် သင်္ဘောဆိုက်ရောက်ချိန်မမှန်ခြင်း၊ သတ်မှတ်ခရီးသည်မပြည့်မီသေးပါက Jetty မှထွက်ခွာမှုမပြုခြင်းများရှိနေခြင်း၊ သင်္ဘောနှင့် Jetty ပေါ် အဆင်းအတက် အန္တရာယ်ရှိနိုင်ခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသည်များက ပြောကြားသည်။

December 25, 2017














Copy Protected by Chetan's WP-Copyprotect.