<

ငွေလဲကောင်တာအတွင်း သေနတ်ဖြင့် ခြိမ်းခြောက်လုယက်မှုအပါအ၀င် ရန်ကုန်မြို့မှ မင်းမဲ့စရိုက်ဆန်ဆန် လုယက်မှုများ

Farmer Money Changer တွင် နှာခေါင်းစည်းတပ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ခြိမ်းခြောက် ပစ်ခတ်မှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်ရှိ ငွေလဲကောင်တာတစ်ခုတွင် နံနက်အစောပိုင်းမှာပင် ဖြစ်ပွားခဲ့သည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ချိန်ရွယ်၍ ငွေများခြိမ်းခြောက်လုယက်မှုဖြစ်စဉ်အပါအ၀င် အခြားမင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက်၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြအပ်ပါသည်။

မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်မှာ ယင်းမြို့နယ် အမှတ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့်ရှိ Farmer Money Changer ဆိုင်အတွင်းသို့ သြဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်က အမျိုးသားနှစ်ဦးရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၃၀ ကို မြန်မာငွေဖြင့်လဲပေးရန် ပြောဆိုပြီးနောက် ၎င်းတို့နှစ်ဦးအနက်တစ်ဦးက သေနတ်ထုတ်၍ချိန်ရွယ်ကာ ငွေလဲကောင်တာတံခါး ဖွင့်ခိုင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ဖွင့်ခိုင်းနေစဉ် ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ ဆိုင်အတွင်းမှထွက်ပြေးစဉ် သေနတ်ဖြင့်ပစ်ခတ်၍ ကျည်ဆန်မှာ ဆိုင်အတွင်းရှိ ပန်းချီကားကိုထိမှန်ပြီးနောက် အဆိုပါအမျိုးသားနှစ်ဦး ဆိုင်အတွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှ ၎င်းတို့အသုံးပြုခဲ့သည့် ကျည်ဆန်အပါအ၀င် အခြားပစ္စည်းခြောက်မျိုး ထည့်ထားသည့်အိတ်ကို သြဂုတ် ၆ ရက်တွင် ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်ရှိ အမှိုက်ပုံးတစ်ခုအတွင်းမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက တွေ့ရှိသိမ်းဆည်းရမိကာ ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့်ဆက်စပ်၍ ကျူးလွန်သူအားစုံစမ်းရာ ကျူးလွန်သူမှာ လှည်းကူးမြို့နယ်နေ ပြည့်ဖြိုးသူဖြစ်ကြောင်းသိရပြီး ကျူးလွန်စဉ်အသုံးပြုသည့် ဆိုင်ကယ်မှာ ယင်းမြို့နယ်နေ ဇော်ဟိန်းထက်ဆိုသူ၏ ဆိုင်ကယ်ဖြစ်ကြောင်း၊ အဆိုပါဆိုင်ကယ်ကို တစ်ရက်လျှင် ကျပ်တစ်သောင်းဖြင့် ငှားရမ်းထားကြောင်း စသည့်အချက်အလက်များကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သည်။

ဖြစ်စဉ်မှ ကျူးလွန်သူဖြစ်သည့် သေနတ်ကိုင်ဆောင်သူ ပြည့်ဖြိုးသူကို ရဲတပ်ဖွဲ့က သြဂုတ် ၃၀ ရက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘဇာချောင်းကျေးရွာရှိ ကျောက်စိမ်းမြေစာပုံ ပျံကျအလုပ်သမားတဲအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ရာတွင်ပါဝင်သည့် မကွေးမြို့နယ်နေ ကျော်ကျော်ခိုင်ဆိုသူအား စက်တင်ဘာ ၉ ရက်တွင် မကွေးမြို့ အဝေးပြေးကားကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖြစ်သည့် သေနတ်နှင့် ကျည်ဆန်များရောင်းချသူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်နေ စောမြတ်သူနှင့် သေနတ်ဝယ်ယူရာတွင် လိုက်ပါခဲ့သည့် မင်းဟန်ဆိုသူကို စက်တင်ဘာ ၅ ရက်တွင် ထားဝယ်မြို့၌ ဖမ်းဆီးရမိကြောင်းသိရပြီး ကျူးလွန်ရသည့်အကြောင်းရင်းမှာ ပြည့်ဖြိုးသူမှာ ဆိုင်ကယ်နှင့်အပိုပစ္စည်းများ ၀ယ်ယူရောင်းချရန် ငွေကြေးလိုအပ်မှု၊ ကျော်ကျော်ခိုင်မှာ ဖဲကြွေးအပါအ၀င် အခြားအကြွေး သိန်း ၁၀၀ ကျော်ပေးရန်ရှိသဖြင့် နှစ်ဦးတိုင်ပင်၍ ငွေများလုယက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၁၇ ခုနှစ် ဇွန် ၁၈ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်ရှိ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုတွင် မျက်နှာဖုံးတပ်လူငယ်နှစ်ဦးက ကြိုးတုပ်ခြိမ်းခြောက်လုယက်မှုတစ်ခု ကျူးလွန်ခဲ့ကြောင်း သိရသည်။

ယင်းအမှုမှာ အရောင်းဌာနတွင် အလုပ်လုပ်ကိုင်သည့် မပိုးပွင့်ဖြူမှာ ဆိုင်အတွင်း တစ်ဦးတည်းရှိနေစဉ် မျက်နှာဖုံးတပ် လူငယ်နှစ်ဦးရောက်ရှိလာပြီး လေယာဉ်လက်မှတ်စုံစမ်းဟန်ပြုကာ မပိုးပွင့်ဖြူ၏မျက်နှာကို ပ၀ါဖြင့်အုပ်ပြီး ပါးစပ်နှင့်မျက်နှာကို တိပ်ဖြင့်ပတ်ကာ ခြေထောက်နှင့်လက်ကို ကြိုးဖြင့်တုပ်ပြီး ၎င်းဝတ်ဆင်ထားသည့် စိန်လက်စွပ်တစ်ကွင်း၊ ရွှေဟန်းချိန်းတစ်ခုနှင့် ကုမ္ပဏီရုံးခန်းအတွင်းရှိ အံဆွဲအတွင်းမှ ကျပ်သိန်း ၇၀ ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးစစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့၌ ယင်းဆိုင်မှ ၀န်ထမ်းတစ်ဦးဖြစ်သူ မြတ်သီဟထွန်းဆိုသူမှာ ကုမ္ပဏီသို့အလုပ်မလာကြောင်းနှင့် CCTV မှတ်တမ်းထဲတွင် လုယက်မှုကျူးလွန်ခဲ့သည့် လူနှစ်ဦးအနက်တစ်ဦးမှာ မြတ်သီဟထွန်းနှင့် ပုံစံတူကြောင်းတွေ့ရှိသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ရာ ယင်းနေ့ညနေပိုင်းတွင် ၎င်းနေထိုင်သည့် တာမွေမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာ အဆိုပါအမှုကို ၎င်းနှင့် သူငယ်ချင်းဖြစ်သူ ဇွဲမာန်တို့နှစ်ဦး ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဇွဲမာန်ကို ဇွန် ၁၉ ရက်တွင် ၎င်းနေထိုင်ရာ တာမွေမြို့နယ်အတွင်း ဖမ်းဆီးရမိပြီး ကျူးလွန်ရသည့်အကြောင်းရင်းမှာ ငွေကြေးအခက်အခဲရှိသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုယက်မှုများနည်းတူ ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားသည့် g & g စတိုးဆိုင်များအတွင်းဝင်ရောက်ကာ အရောင်းဝန်ထမ်းများကို ဓားထောက်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ ငွေများနှင့် အရောင်းဝန်ထမ်းများထံမှ ရွှေထည်ပစ္စည်း၊ ဖုန်းတို့ လုယက်မှုဖြစ်စဉ်အချို့လည်း ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အချို့မှာ မတ် ၁၈ ရက်နံနက်အစောပိုင်းက အလုံမြို့နယ် ဌာနရပ်ကွက် ငုဝါလမ်းထိပ်၌ဖွင့်လှစ်ထားသည့် g & g စတိုးဆိုင်အတွင်းသို့ အမျိုးသားငါးဦးဝင်ရောက်ပြီး အရောင်းဝန်ထမ်းအမျိုးသမီးကို ဓားထောက်ကာ ဆိုင်အတွင်းရှိ ရောင်းရငွေများ၊ ဖုန်းငွေဖြည့်ကတ်များနှင့် လက်ကိုင်ဖုန်းလုယက်မှု၊ ဇူလိုင်လအတွင်းက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ g & g စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားသုံးဦးဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းကို ဓားထောက်ကာ စတိုးဆိုင်အတွင်းရှိငွေများ လုယက်မှုတို့ဖြစ်ပွားခဲ့သည်။

ထို့ပြင် သြဂုတ်လအတွင်းက စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်) ရပ်ကွက် စမ်းချောင်းလမ်းရှိ g & g စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားလေးဦးဝင်ရောက်လာပြီး ၀န်ထမ်းဖြစ်သူကို ဓားထောက်ကာ ဆိုင်အတွင်းရှိငွေများနှင့် အရောင်းဝန်ထမ်း၏ ရွှေလက်စွပ်နှင့် ဖုန်းလုယက်မှု၊ မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းနှင့် ဦးရေခဲလမ်းထောင့်ရှိ g & g စတိုးဆိုင်အတွင်းသို့ အမျိုးသားလေးဦး ၀င်ရောက်လာပြီး အရောင်းဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ဓားဖြင့်ထောက်၍ ဆိုင်အတွင်းရှိငွေများနှင့် အရောင်းဝန်ထမ်းနှစ်ဦးထံမှ ရွှေထည်ပစ္စည်းများလုယက်မှု၊ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ကျန်စစ်သားလမ်းရှိ g & g စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ အမျိုးသားငါးဦး ၀င်ရောက်လာပြီး ဆိုင်ဝန်ထမ်းနှစ်ဦးကို ဓားဖြင့်ထောက်၍ ဆိုင်အတွင်းရှိ ဈေးရောင်းရငွေများလုယက်မှု စသည့်လုယက်မှုတို့ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များမှ ကျူးလွန်သူအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့သည့် လုယက်မှုများနည်းတူ ဇွန် ၁၉ ရက် ည ၉ နာရီခန့်က စမ်းချောင်းမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့တွင် လမ်းလျှောက်လာသူ အမျိုးသားနှစ်ဦးကို လူလေးဦးက ထိုးကြိတ်ပြီး ဖုန်းလုယက်မှု၊ ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီခန့်က မြောက်ဒဂုံမြို့နယ် (၃၈) ရပ်ကွက် ခရေလမ်းပေါ်တွင် ဘဏ်မှငွေထုတ်ပြီးပြန်လာသူ အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့်လူနှစ်ဦးက လုယက်ထွက်ပြေးမှု၊ ဇူလိုင် ၈ ရက်ညပိုင်းက လှည်းကူးမြို့နယ်တွင် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကယ်ရီငှား၍ တစ်နေရာအရောက်တွင် ကယ်ရီသမားကိုသတ်ကာ ဆိုင်ကယ်လုယက်မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၅ ရက် နံနက် ၁ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်း ရတနာလမ်းဆုံအနီးတွင် ကားငှားစီးလာသူသုံးဦးက ယာဉ်မောင်းကို ဓားဖြင့်ထောက်ကာ ငွေများလုယက်မှု၊ စက်တင်ဘာ ၁၇ ရက် နံနက် ၂ နာရီခန့်က ဒလမြို့နယ် ၁၁ ကွေ့တွင် ဆိုင်ကယ်ကယ်ရီမောင်းသူအား လူလေးဦးက တုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်လုယက်မှု၊ အောက်တိုဘာ ၁ ရက် နံနက် ၃ နာရီခန့်က လှိုင်မြို့နယ် ပါရမီလမ်းမီးရထားသံလမ်းအနီးတွင် အငှားယာဉ်မောင်းက ခရီးသည်အမျိုးသမီးထံမှ ရွှေဆွဲကြိုးလုယက်မှု၊ အောက်တိုဘာ ၆ ရက် နံနက် ၂ နာရီခန့်က လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းတွင် ဈေးရောင်းချနေသော အမျိုးသမီး၏ဆွဲကြိုးကို ဈေးဝယ်လာသူက လုယက်ထွက်ပြေးမှု၊ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် ညဈေးအနီးတွင် အငှားယာဉ်မောင်းနှင့် အပေါင်းပါတစ်ဦးက ခရီးသည်အမျိုးသမီးကို သံအချွန်ဖြင့်ထောက်ပြီး ရွှေထည်ပစ္စည်းနှင့် ဖုန်းလုယက်မှုတို့ဖြစ်ပွားခြင်းတို့ ဆက်တိုက်ဆိုသလိုဖြစ်နေခြင်းကြောင့် တရားဥပဒေစိုးမိုးရေးသည် မည်သူတွေအတွက် ရှင်သန်နေရသနည်းဟု ပြည်သူတို့အကြား ဝေဖန်သုံးသပ်မှုများရှိနေသည်။

December 25, 2017














Copy Protected by Chetan's WP-Copyprotect.