ကချင်မော်ဒယ် လုလုအောင်နှင့် ပုရိသ ပရိသတ်များအကြား ရေပန်းစားမှု

ကချင်မော်ဒယ် လုလုအောင်နှင့် အွန်လိုင်းအသုံးပြုသူ ပုရိသ ပရိသတ်များကြားတွင် ရေပန်းစားမှုအား ၂၀၁၆ ခုနှစ်တွင် ထင်ရှားသည့် အနုပညာဖြစ်ရပ် တစ်ခုအဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ ဓာတ်ပုံမော်ဒယ်အဖြစ် အနုပညာလောကတွင် လျှောက်လှမ်းနေသူ မော်ဒယ်လုလုအောင်သည် ဆွဲဆောင်မှုရှိသည့် ကိုယ်ဟန်အနေအထား၊ ညှို့ဓာတ်ပြင်းသည့် ၀တ်စားဆင်ယင်မှု၊ လှပသည့် ခန္ဓာကိုယ် ကောက်ကြောင်းများဖြင့် ပုရိသပရိသတ်များကြားတွင် လှုပ်ခတ် အောင်မြင်ခဲ့သူတစ်ဦး ဖြစ်သည်။ Single Mother အဖြစ် ရပ်တည်နေသူ တစ်ဦးလည်းဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်းတွင် ကြော်ငြာနှင့် တေးစီးရီး အမ်တီဗွီများစွာတွင် ပါဝင် ရိုက်ကူးခွင့် ရရှိခဲ့သည်။

မော်ဒယ်လုလုအောင်သည် အနုပညာလောက အတွင်းသို့ တစ်ကျော့ပြန် ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ လူမှုကွန်ရက် စာမျက်နှာများထက်တွင် ဆွဲဆောင်မှုရှိသည့် ဟန်ပန်များစွာဖြင့် အလှဓာတ်ပုံများ တင်ခဲ့ရာမှ Like များစွာရရှိကာ ပရိသတ်များအကြား ရေပန်းအစားဆုံး မော်ဒယ်တစ်ဦးအဖြစ် ပါဝင်လာသူလည်း ဖြစ်သည်။

“အနုပညာအလုပ်တွေကို အရင်ကခဏတော့ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျသွားတဲ့ အခါကျတော့ ဆက်မလုပ်ဖြစ်တော့တာပါ။ အခုမှ တစ်ကျော့ပြန် လှုပ်ရှားဖြစ်တာ။ ညီမကိုယ်တိုင်က အနုပညာ အလုပ်တွေကို ၀ါသနာပါတယ်။ အရင်ကတည်းကလည်း Fitness Model ကို သဘောကျတယ်။ ကိုယ်တိုင်လည်း Attractive Model ဟန်ပန်မျိုး ရိုက်ရတာကို ကြိုက်တယ်” ဟု မော်ဒယ်လုလုအောင်က ဆိုသည်။

Single Mother အဖြစ် သမီးဖြစ်သူအား စောင့်ရှောက်နေပုံကိုလည်း “သမီးလေးကလည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်တယ်။ ကျွန်မတို့ နှစ်ယောက်စလုံးက အမြဲပဲ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးဖို့ အသင့်ရှိပါတယ်။ သူ့အဖေဆိုလည်း အနေဝေးပေမယ့် သမီးအတွက် အကောင်းဆုံး လုပ်ပေးဖို့ တက်တက်ကြွကြွ ရှိပါတယ်။ ညီမ အခုလုပ်နေတဲ့ အနုပညာ အလုပ်တွေနဲ့ ပတ်သက်လို့လည်း အရမ်းကြီး အိုဗာဖြစ်မသွားချင်ဘူး။ သမီးအတွက်လည်း အမြဲတမ်း စဉ်းစားဖြစ်တယ်။ တချို့အရာတွေဆိုရင် သမီးအတွက် လျှော့သင့်တာကို လျှော့လိုက်တာမျိုးတွေလည်း ရှိပါတယ်။ ပရိသတ်ရဲ့ မေတ္တာကိုရတဲ့အတွက် ၂၀၁၆ က ကံကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ အကောင်းဆုံးတော့ဆက်ပြီး ကြိုးစားသွားပါမယ်” ဟု လုလုအောင်က ဖြည့်စွက် ပြောကြားသည်။

ကချင်တိုင်းရင်းသူ မော်ဒယ်လုလုအောင်သည် လတ်တလောတွင် ကြော်ငြာများ၊ အမ်တီဗွီများ ရိုက်ကူးနေပြီး အသစ် ထပ်မံရိုက်ကူးရန် လက်ခံထားသည့် ကြော်ငြာနှင့် အလှဓာတ်ပုံ ရိုက်ကူးမှုများလည်း ရှိကြောင်း သိရသည်။      

Writer: 
လင်းလင်းခိုင်