နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာပြီး ပရိသတ် အားပေးချစ်ခင်မှုကို တစ်ကျော့ပြန် ရယူနိုင်ခဲ့သည့် တေးသံရှင် အေးချမ်းမေ

နှစ် ၂၀ ခန့် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာပြီးနောက် ပရိသတ် အားပေးချစ်ခင်မှုကို တစ်ကျော့ပြန် ရယူနိုင်ခဲ့သည့် တေးသံရှင် အေးချမ်းမေကို ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသည့် အနုပညာရှင်တစ်ဦး အဖြစ် ရွေးချယ် ဖော်ပြအပ်ပါသည်။ တစ်ခေတ်တစ်ခါက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျံ့နှံ့အောင်မြင်ခဲ့သူ တေးသံရှင် အေးချမ်းမေသည် ၁၉၉၇ ခုနှစ်တွင် ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီးနောက် နှစ် ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာစဉ်တွင် ရန်ကုန်မြို့၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲနှင့် မန္တလေးမြို့၌ အဆိုတော် စည်သူလွင်နှင့် တွဲဖက်ကာ ဖျော်ဖြေပွဲတစ်ပွဲ ကျင်းပခဲ့ပြီး ပရိသတ် အပြည့်အလျှံ အားပေးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ် ၂၀ ကျော်က ‘ပျော်ရွှင်ခြင်းနိုင်ငံ’ တေးစီးရီးဖြင့် တစ်နိုင်ငံလုံးတွင် ရောင်းအားအကောင်းဆုံး တေးစီးရီးခွေအဖြစ် ရပ်တည်ခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့သူ တေးသံရှင် အေးချမ်းမေသည် အောင်မြင်နေဆဲ အချိန်တွင်ပင် ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ နှစ် ၂၀ ခန့် အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခြင်းမရှိ၊ အနုပညာ လှုပ်ရှားမှု အသစ်များလည်း ထိတွေ့ခွင့် မရရှိခဲ့ဘဲ ၂၀၁၆ ခုနှစ်အတွင်းမှသာ မြန်မာနိုင်ငံသို့ လာရောက်ကာ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ နိုဝင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များ၌ အေးချမ်းမေ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲနှင့် စည်သူလွင်နှင့် နှစ်ယောက်တွဲ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ရာ ကြိုတင် လက်မှတ်များ ရောင်းချစဉ်တွင်ပင် လက်မှတ်များ ရောင်းကုန်သွားသည်အထိ အားပေးမှု များပြားခဲ့သည်။ ဖျော်ဖြေပွဲများအား ရုပ်သံလိုင်းများမှတစ်ဆင့် ထုတ်လွှင့်ပြသရာတွင်လည်း ပရိသတ် အများအပြားက စောင့်ကြည့် အားပေးခဲ့ကြသည်။

လက်ရှိတွင် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည့် တေးသံရှင် အေးချမ်းမေက “အရင်ကတည်းက ပြန်လာချင်တဲ့ စိတ်ကူးရှိပေမယ့် အခွင့်အရေး မပေးခဲ့လို့ အခုမှပဲ လာဖြစ်တာပါ။ နှစ်တွေ အများကြီးကြာပြီးမှ ပြန်လာတာဖြစ်တဲ့အတွက် အခုလို ပရိသတ်တွေက အားပေးကြမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။ အားပေးကြဆဲ၊ ချစ်နေကြဆဲဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ တစ်နှစ်တစ်ကြိမ်လောက် ပြန်လာဖြစ်အောင် ကြိုးစားပါမယ်” ဟု ဆိုသည်။