ကမ္ဘာ့ပြိုင်ပွဲနှင့် အာရှပြိုင်ပွဲတွင် ရွှေဆုရယူခဲ့သည့် ကာယဗလ ကစားသမား ထွန်းထွန်းအောင်

ကမ္ဘာ့ပြိုင်ပွဲနှင့် အာရှပြိုင်ပွဲတွင် ရွှေဆုရယူခဲ့သည့် ကာယဗလ ကစားသမား ထွန်းထွန်းအောင်
Published 26 December 2017

မြန်မာ ကာယဗလ ကစားသမားတစ်ဦးဖြစ်သူ ထွန်းထွန်းအောင်သည် ယခုနှစ်အတွင်း ကျင်းပခဲ့သည့် အာရှနှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်များရယူနိုင်ခဲ့သည်။ မြန်မာ အားကစားသမားများအနေဖြင့် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၌ အောင်မြင်မှုရရန် ရုန်းကန်လာရချိန်တွင် ထွန်းထွန်းအောင်၏ အောင်မြင်မှုမှာ မြန်မာ့အားကစားလောကအတွက် ဂုဏ်ယူစရာဖြစ်သောကြောင့် ၂၀၁၇ မြန်မာ့အားကစား ထင်ရှားကျော်ကြားကဏ္ဍတွင် ဖော်ပြခြင်းဖြစ်ပါသည်။

ထွန်းထွန်းအောင်သည် သြဂုတ်တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပသည့် အာရှ ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု၊ အောက်တိုဘာတွင် မွန်ဂိုလီးယားနိုင်ငံ၌ကျင်းပသည့် ကမ္ဘာ့ကာယဗလ ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ရယူနိုင်ခဲ့သည်။ ထွန်းထွန်းအောင်သည် ငယ်စဉ်ကတည်းက ကာယဗလအားကစားနည်းကို စိတ်ပါဝင်စားခဲ့သူဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှအငယ်တန်း ကာယဗလပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ တံဆိပ်ရယူနိုင်ခဲ့သည်။ ထွန်းထွန်းအောင်သည် နောက်ပိုင်းယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရယူနိုင်ခဲ့ပြီး  အဆင့်မြင့်ဆုံးပြိုင်ပွဲနှစ်ခုဖြစ်သည့် အာရှနှင့် ကမ္ဘာ့ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့သည့် ၂၀၁၇ ခုနှစ်မှာ ထူးခြားသည့်နှစ်တစ်နှစ်ဖြစ် ခဲ့သည်။ မြန်မာကာယဗလ ကစားသမားများသည် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရယူလာနိုင်ပြီး ထွန်းထွန်းအောင်အတွက် အောင်မြင်သည့် နှစ်ဖြစ်သလို မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအဖွဲ့ချုပ်အတွက်လည်း အောင်မြင်မှုများ ရယူနိုင်ခဲ့သည့်နှစ် ဖြစ်စေခဲ့သည်။

Most Read

Most Recent