အာဆီယံပြိုင်ပွဲ၌ အောင်မြင်မှု လမ်းကြောင်းပေါ် တက်လှမ်းလာနိုင်ပြီး အာရှခြေစစ်ပွဲ ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည့် မြန်မာဖူဆယ်အသင်း

အာဆီယံပြိုင်ပွဲ၌ အောင်မြင်မှု လမ်းကြောင်းပေါ် တက်လှမ်းလာနိုင်ပြီး အာရှခြေစစ်ပွဲ ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည့် မြန်မာဖူဆယ်အသင်း
Published 26 December 2017

ဓာတ်ပုံ - MFF

နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု နှင့် ဝေးကွာနေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၇ ခုနှစ်တွင် အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်ရှိလာခဲ့ပြီး အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၁၆  အာဆီယံဖူဆယ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းသို့ ပြောင်းလဲကျင်းပခဲ့ရာ ယခုနှစ်တွင် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီး နှစ်ကြိမ်စလုံး ဆုရရှိခဲ့သည်။ မြန်မာဖူဆယ်အသင်းသည် ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယ၊ ၂၀၁၇ ပြိုင်ပွဲတွင် တတိယရခဲ့ပြီး အောင်မြင်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သလို  နှစ်ကြိမ်စလုံးကို ပြည်တွင်းနည်းပြဖြစ်သည့် ဦးဌေးမြင့်က ကိုင်တွယ်ခဲ့ရာ ဂုဏ်ယူစရာဖြစ်ခဲ့သည်။ ဦးဌေးမြင့်သည် နှစ်ကြိမ်စလုံး ယာယီ နည်းပြအဖြစ်သာ ကိုင်တွယ်ခွင့်ရခဲ့သော်လည်း ၂၀၁၆ ပြိုင်ပွဲတွင် မြန်မာဖူဆယ် သမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုဖြစ်သည့် ဒုတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၇ ပြိုင်ပွဲတွင်မူ တတိယဆု နှင့်အတူ ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ခွင့်ကိုပါ ရယူပေးနိုင်ခဲ့သည်။ မြန်မာ အမျိုးသား လက်ရွေးစင် ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲ နှစ်ခုကြားတွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲတွင်မူ အောင်မြင်မှုမရဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်သည့် အသင်းအား အီရန်နိုင်ငံသားနည်းပြကို တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှု ရယူနိုင်ခြင်းမရှိခဲ့ပေ။ ယင်းပြိုင်ပွဲအပြီးတွင် အီရန်နည်းပြနှင့် လမ်းခွဲခဲ့ပြီး ဦးဌေးမြင့်ကို ပြန်လည်တာဝန်ပေးအပ်ခဲ့ရာ ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းနည်းပြ ဦးဌေးမြင့်နှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မြန်မာ အမျိုးသားဖူဆယ်အသင်းကို ၂၀၁၇ ခုနှစ်၏ မြန်မာအားကစား ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြပေးခြင်းဖြစ်သည်။

Most Read

Most Recent