အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အမြင့်ဆုံးဆုတံဆိပ်ချီးမြှင့်ခံရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အမြင့်ဆုံးဆုတံဆိပ်ချီးမြှင့်ခံရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်
Published 26 December 2017

Photo : www.aseanfootball.org[/caption]

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ်တစ်ခုဖြစ်သော AFF Goodwill Awards ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဦးဇော်ဇော်သည် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ငွေကြေးအကုန်အကျခံကာ ဆောင်ရွက်နေသလို လူမှုရေးလုပ်ငန်းများကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေသောကြောင့် AFF က ၂၀၁၇ ခုနှစ်အတွက် AFF Goodwill Awards ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဦးဇော်ဇော်သည် AFF ၏ ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဘောလုံးနှင့် ပတ်သက်သည့်ဆောင်ရွက်မှုများအပြင် လူမှုရေး ကိစ္စရပ်များတွင်လည်း ပံ့ပိုးကူညီခဲ့သောကြောင့် ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းဖြစ်သည်။ AFF သည် အကောင်းဆုံးဆုပေးပွဲကို သုံးကြိမ်သာ ကျင်းပခဲ့ပြီး အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့်  AFF Goodwill Awards ဆုကိုမူ နှစ်ကြိမ်သာ ချီးမြှင့်ရသေးသည်။ ယင်းဆုကို ပထမဆုံး ရရှိသူမှာ မလေးရှားနိုင်ငံသား ဆူလ်တန်အာမက်ရှာဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၊ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) တို့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးကာ မလေးရှားဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရန် ဦးစီး ဆောင်ရွက်ခဲ့သူဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် အကောင်းဆုံး ဆုပေးပွဲတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က AFF Goodwill Awards ဆု လက်ခံရယူခဲ့သည်။ ဦးဇော်ဇော်သည် လက်ရှိ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ဆက်ဆံရေးကောင်းများ ရှိသောကြောင့် အာဆီယံနိုင်ငံများ၌     လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်၏ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ခံရသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ၂၀၁၇ ခုနှစ်၏ မြန်မာ့အားကစား ထင်ရှား ကျော်ကြား ကဏ္ဍတွင် ထည့်သွင်းဖော်ပြရခြင်း ဖြစ်ပါသည်။

Most Read

Most Recent