ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲတွင် ဆုကြေးစားသွားရောက်ကစားခွင့်ရခဲ့သည့် အောင်သူနှင့် ကျော်ကိုကို

ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲတွင် ဆုကြေးစားသွားရောက်ကစားခွင့်ရခဲ့သည့် အောင်သူနှင့် ကျော်ကိုကို
Published 26 December 2017

Police Tero အသင်းတွင် တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားမည့် အောင်သူ (ဝဲပုံ)နှင့် ချင်းရိုင်အသင်းသို့ ပြောင်းရွှေ့မည့် ကျော်ကိုကို (ဓာတ်ပုံ-ညီညီစိုးညွန့်)

ယခုနှစ်ကုန်ပိုင်းတွင် မြန်မာဘောလုံးသမားများအတွက် အာဆီယံဒေသတွင်း၌ အဆင့်မြင့်ဆုံးလိဂ်ဖြစ်သည့် ထိုင်းလိဂ်-၁  တွင် ကစားခွင့်ရမည့် အခွင့်အရေးများပေါ်လာခဲ့ပြီး လက်ရှိ မြန်မာ့အကောင်းဆုံး ဘောလုံးသမားများအဖြစ် သတ်မှတ်နိုင်သည့် အောင်သူနှင့် ကျော်ကိုကိုတို့မှာ ဆုကြေးစား သွားရောက်ကစားခွင့်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးများဖြစ်သည့် ရတနာပုံတိုက်စစ်မှူး အောင်သူမှာ Police Tero အသင်း၊ ရန်ကုန်တိုက်စစ်မှူး ကျော်ကိုကိုမှာ ချင်းရိုင်ယူနိုက်တက်အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားမည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားမည့် လက်ရွေးစင် တိုက်စစ်မှူး အောင်သူနှင့် ကျော်ကိုကိုအား ၂၀၁၇ ခုနှစ်အတွက် မြန်မာ့အားကစား ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြပေးလိုက်ပါသည်။

မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းပြီးနောက်ပိုင်းတွင် မြန်မာဘောလုံးသမားအချို့ ထိုင်းအောက်တန်းလိဂ်ကလပ်များ၊ မလေးရှားနှင့် စင်ကာပူကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ထိုင်းလိဂ်-၁ (ယခင် ထိုင်းပရီးမီးယားလိဂ်)  ပထမဆုံး သွားရောက်ကစားခွင့်ရသည့် မြန်မာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ ဖြစ်လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာ့ဘောလုံးလောက၌ နာမည်ကြီးခဲ့သည့် အောင်ထွန်းထွန်း၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင်၊ ဝင်းအောင်၊ စိုးနိုင်၊ အောင်နိုင် စသည့်ကစားသမားများသည် ထိုင်းနှင့် မလေးရှားကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ဖူးသော်လည်း ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းအပြီးတွင် အောင်သူနှင့် ကျော်ကိုကိုမှာ ထိုင်းလိဂ်-၁ ၌ ပထမဆုံး ကစားခွင့်ရမည့် မြန်မာကစားသမားများ ဖြစ်လာခဲ့သည်။ အောင်သူသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်း ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရခဲ့ခြင်းနှင့်အတူ ပိုမိုနာမည်ကျော်ကြားလာခဲ့သူဖြစ်သည်။  အောင်သူသည် ၂၀၁၅ ခုနှစ်အတွက် အာဆီယံ လူငယ်အကောင်းဆုံး ဘောလုံးသမားဆုရခဲ့ပြီး မြန်မာကစားသမားများတွင် ပထမဆုံး ရရှိသူလည်းဖြစ်သည်။ ထို့ပြင် အောင်သူသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ သုံးရာသီဆက်တိုက် ရယူနိုင်ခဲ့သည်။

အား/ကာသိပ္ပံ (မန္တလေး) မှ ထွက်ပေါ်ခဲ့သည့် တိုက်စစ်မှူး ကျော်ကိုကိုသည် ဇေယျာရွှေမြေအသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့ပြီး ၂၀၁၃ ရာသီတွင် ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကစားသမားဘဝတွင် ပြည်ပကလပ်အသင်းများ၏ ကမ်းလှမ်းမှုများရရှိခဲ့သော်လည်း ယခုမှသာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် သက်ဆိုင်ရာကလပ်အသင်းများတွင် လစာအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀၀ (မြန်မာငွေ ကျပ်သိန်း ၉၀ ကျော်) ရရှိ မည်ဖြစ်ပြီး မြန်မာကစားသမားများအနက် လစာငွေ အများဆုံးရရှိသူများ ဖြစ်လာမည် ဖြစ်သည်။

Most Read

Most Recent